ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရေတွက်မှုတွေကို အနိုင်အရှုံးရလဒ် မထုတ်ပြန်ရသေးတဲ့ ကျန်ရှိပြည်နယ်အနည်းငယ်မှာ ဆက်လက် ရေတွက်နေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က Electroal College မဲအသာဖြင့် ဦးဆောင်နေပါတယ်။

(Photo: Reuters)

လက်ရှိသမ္မတဒေါ်နယ်ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က အဓိက ပြည်နယ်တွေဖြစ်တဲ့ ဝစ်ကွန်ဆင်၊ ဂျော်ဂျီယာ၊ ပင်ဆယ်ဗေးနီးယားနဲ့ မီချီဂန်တို့မှာ မဲရေတွက်မှုတွေအပေါ် စောဒကတက်မှုများရှိခဲ့ပြီး ပြန်လည်‌ရေတွက်ရန် တောင်းဆိုခဲ့ကြပါတယ်။ BBC သတင်းဌာနက မီချီဂန်ပြည်နယ်မှာ ဂျိုးဘိုင်ဒန် အနိုင်ရခဲ့ကြောင်း ခန့်မှန်းပါတယ်။



အမေရိကန် မီဒီယာတွေက ဝစ်ကွန်ဆင်မှာ ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း ခန့်မှန်းထားပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့ ရလဒ်တွေကတော့ ထွက်ပေါ်မလာသေးပါဘူး။ ဂျိုးဘိုင်ဒန်ဟာ ထိုပြည်နယ်သုံးခုလုံးမှာ Electroal College မဲတွေရရှိပြီး အနိုင်ရခြင်းဖြင့် သမ္မတရွေးကောက်ပွဲမှာ‌ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။

(Infographic: AP)

AP ၊ Fox News ကဲ့သို့ သတင်းဌာနတွေက ဖော်ပြထားတဲ့ ရွေးကောက်ပွဲရလဒ် တိုက်ရိုက်တင်ဆက်မှုတွေအရ မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၅ ရက်) ညနေ ၆ နာရီခွဲဝန်းကျင်အထိ ဂျိုးဘိုင်ဒန်က Electroal College မဲ ၂၆၄ မဲနဲ့ ထရန့်က ၂၁၄ မဲ အသီးသီး ရရှိထားကြောင်း တွေ့ရပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။ 

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

လက်ရှိအချိန်အထိ Electoral College မဲ ၄၇၈ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် မဲ ၆၀ ရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သို့သော် လက်ကျန်မဲတွေအနက် ဂျိုးဘိုင်ဒန်က ၆ မဲမျှရရှိရုံဖြင့် အနိုင်ရမှာဖြစ်ပါတယ်။ ထရန့်ကတော့ သမ္မတရွေးကောက်ပွဲအနိုင်ရရန် နောက်ထပ် ၅၆ မဲ လိုအပ်နေတာ ဖြစ်ပါတယ်။

(Photo: AP)

အစောပိုင်းမှာ ၎င်းဦးဆောင်နေခဲ့တဲ့ ဝစ်ကွန်ဆင်နဲ့ မီချီဂန် ပြည်နယ်တွေမှာ ဂျိုးဘိုင်ဒန်က Electoral College မဲ ၂၆ မဲ ရရှိပြီး အနိုင်ရခဲ့ခြင်းက ထရန့်အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပင်ဆယ်ဗေးနီးယား၊ မီချီဂန်နဲ့ ဂျော်ဂျီယာ ပြည်နယ်တွေမှာ ဥပဒေကြောင်းအရ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ၆၆.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း US Election Project က ထုတ်ပြန်ထားပါတယ်။ ဂျိုးဘိုင်ဒန်ဟာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲ ၇၀.၅ သန်းရရှိထားခဲ့ပြီး သမ္မတရွေးကောက်ဝင် ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ မဲအရေအတွက် အများဆုံးရရှိမှုလည်း ဖြစ်ပါတယ်။

(Photo: AP)

ထရန့်က မဲအရေအတွက် ၆၇.၂ သန်းရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာထက် ၄ သန်းကျော် ပိုများခဲ့ကြောင်း သိရပါတယ်။ သမ္မတထရန့်က မဲလက်မှတ် သန်းနဲ့ချီပြီး ‌‌ရေတွက်ရန်ကျန်ရှိနေသေးချိန်မှာ ရွေးကောက်ပွဲအနိုင်ရကြောင်း နိုဝင်ဘာ ၃ ရက် ညပိုင်းမှာ ပြောခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ကတော့ မဲလက်မှတ်အားလုံးကို ရေတွက်မပြီးမချင်း ယှဥ်ပြိုင်မှု မပြီးဆုံးသေးကြောင်း ထောက်ခံသူတွေကို ပြောခဲ့ပြီးနဲ့ အနိုင်ရမယ့် လမ်းကြေင်းပေါ်မှာရှိနေတယ်လို့ ထိုစဥ်က အခိုင်အမာ ဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ဟာ သတ်မှတ်ထားတဲ့ အမေရိကန်ရွေးကောက်ပွဲနေ့ဖြစ်ပြီး အမေရိကန်ပြည်သူအများအပြားကတော့ လွန်ခဲ့တဲ့ သီတင်းများအတွင်း စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုတို့ဖြင့် မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။

(Photo: Jam Mone/AP)

COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့မတိုင်မီ လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီးဖြစ်ရာ စာတိုက်မဲများကို ရေတွက်ရမှုတွေကြောင့် ယခင်ရွေးကောက်ပွဲတွေမှာထက် မဲရေတွက်ချိန် ပိုမိုကြာမြင့်နေခဲ့ပါတယ်။

ယခုနှစ် ရွေးကောက်ပွဲမှာ မဲပေးမှုတွေ မြင့်တက်လာခြင်းက ရီပတ်ဘလစ်ကင်သမ္မတထရန့်နဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား ယှဥ်ပြိုင်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အလွန်ကြီးမားနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က