ထရန့်အဖွဲ့က အရေးပါတဲ့ မီချီဂန်နဲ့ ဂျော်ဂျီယာ ပြည်နယ်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတဒေါ်နယ်ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က တရားစွဲဆိုမှုတွေကို သက်ဆိုင်ရာ ပြည်နယ်နှစ်ခုမှာ တရားသူကြီးတွေက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရပါတယ်။

(Infographic: AP)

ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က အရေးပါတဲ့ မီချီဂန်နဲ့ ဂျော်ဂျီယာ ပြည်နယ်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့ရာ သက်ဆိုင်ရာ တရားသူကြီးတွေက ပယ်ချလိုက်ပါတယ်။ မီချီဂန်ပြည်နယ်မှာ Court of Claims တရားသူကြီး Cynthia Stephens က ထရန့်အဖွဲ့ရဲ့ တရားစွဲဆိုမှုကို ပလပ်လိုက်ကြောင်း ကြာသပတေးနေ့ (နိုဝင်ဘာ ၅ ရက်) တရားရုံးကြားနာမှုအတွင်း စီရင်ချက်ချမှတ်လိုက်ပါတယ်။



ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က မီချီဂန်ပြည်နယ်မှာ မဲရေတွက်မှုတွေကို ရပ်ဆိုင်းရန်နဲ့ မဲရေတွက်မှုလုပ်ငန်းစဥ်ကို ပိုမိုသိရှိခွင့်ရရန် တရားရုံးမှာ ဥပဒေကြောင်းအရ အရေးဆိုခဲ့ပါတယ်။ ယခု တရားစွဲဆိုမှုဟာ စာတိုပေးပို့တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ခဲ့တယ်လို့ ဂျိုးဘိုင်ဒန်ရဲ့‌ ရွေးကောက်ပွဲအောင်နိုင်ရေး အကြီးတန်း အကြံပေးပုဂ္ဂိုလ် Bob Bauer က ဆိုပါတယ်။

(Photo: AP)

"ဒါက ဘာတွေဖြစ်နေလဲဆိုတာနဲ့ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို စိတ်ရှုပ်စေတဲ့ ရည်ရွယ်ချက်ထက် မပိုပါဘူး" လို့ Bob Bauer က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထရန့်အဖွဲ့က ‌ဂျော်ဂျီယာပြည်နယ်မှာ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကတော့ Chatham County အတွင်း ပျက်ကွက်မဲ ၅၃ မဲကိစ္စအတအွက် ဖြစ်ပါတယ်။

သို့သော် သက်ဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ထိုမဲလက်မှတ်တွေကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက် တရားသူကြီးက ထိုတရားစွဲဆိုမှုကို ပလပ်လိုက်ကြောင်း သိရပါတယ်။ ဂျော်ဂျီယာနဲ့ မီချီဂန်မှာ တရားရုံးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ပြောခွင့်ရအမျိုးသမီးကို မေးမြန်းခဲ့ရာမှာ ချက်ချင်း တုံ့ပြန်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ထရန့်အဖွဲ့က ကျဥ်းမြောင်းတဲ့ မဲအရေအတွက်ဖြင့် ဂျိုးဘိုင်ဒန် ဦးဆောင်နေတဲ့ နီဗားဒါးပြည်နယ်မှာ မဲမသမာမှုရှိကြောင်း စွပ်စွဲမှုအပါအဝင် နိုင်ငံတစ်ဝန်း တရားစွဲဆိုမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာတော့ ထရန့်အဖွဲ့က ပါတီနဲ့ အောင်နိုင်ရေးအဖွဲ့မှ စောင့်ကြည့်သူတွေဟာ ဖီလာဒဲလ်ဖီးယားမှာ ရွေးကောက်ပွဲဝန်ထမ်းများ စာတိုက်မဲရေတွက်မှုကို ပိုမိုနီးကပ်တဲ့နေရာမှ စောင့်ကြည့်ခွင့်ရရန် လျှောက်ထားခဲ့ရာ တရားရုံးက ခွင့်ပြုခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

သို့သော် တရားရုံးရဲ့ ထိုအမိန့်ညွှန်ကြားချက်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ မဲရေတွက်နေမှုကို သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ပင်ဆယ်ဗေးနီးယားနဲ့ နီဗားဒါး ပြည်နယ်တွေမှာ နောက်ထပ် ဥပဒေကြောင်းအရ အရေးဆိုဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရန် မျှော်လင့်ထားပြီး ရီပတ်ဘလစ်ကင် လက်ရှိသမ္မတက ရွေးကောက်ပွဲမှာ အနိုင်ရကြောင်းကို အစောဆုံးအဖြစ် သောကြာနေ့ (နိုဝင်ဘာ ၆ ရက်) ညပိုင်းမှာ ရလဒ်ထွက်ပေါ်လာမယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

ဥပဒေရေးရာ ကျွမ်းကျင်သူအချို့ကတော့ ဥပဒေကြောင်းအရ အ‌ရေးဆိုလုပ်ဆောင်မှုတွေကို ရွေးကောက်ပွဲ နောက်ဆုံးရလဒ်အပေါ် သက်ရောက်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ကြပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲနေ့အပြီး မဲရေတွက်မှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာ နှစ်ရက်ရှိပြီဖြစ်ကြောင်းနဲ့ COVID-19 ကာလအတွင်း စာတိုက်မှတစ်ဆင့်မဲပေးမှုတွေ များစွာရှိခဲ့တာကြောင့် မဲရေတွက်မှု နှောင့်နှေးနေခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဦးဆောင်နေခဲ့ပါတယ်။

AP ၊ Fox News ကဲ့သို့ သတင်းဌာနတွေက ဖော်ပြထားတဲ့ ရွေးကောက်ပွဲရလဒ် တိုက်ရိုက်တင်ဆက်မှုတွေအရ မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက် ညဥ့်နက်ပိုင်းအထိ ဂျိုးဘိုင်ဒန်က Electroal College မဲ ၂၆၄ မဲနဲ့ ထရန့်က ၂၁၄ မဲ အသီးသီး ရရှိထားကြောင်း တွေ့ရပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

(Photo: Getty Images)

လက်ရှိအချိန်အထိ Electoral College မဲ ၄၇၈ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် မဲ ၆၀ ရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သို့သော် လက်ကျန်မဲတွေအနက် ဂျိုးဘိုင်ဒန်က ၆ မဲမျှရရှိရုံဖြင့် အနိုင်ရမှာဖြစ်ပါတယ်။ ထရန့်ကတော့ သမ္မတရွေးကောက်ပွဲအနိုင်ရရန် နောက်ထပ် ၅၆ မဲ လိုအပ်နေတာ ဖြစ်ပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ၆၆.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း US Election Project က ထုတ်ပြန်ထားပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့မတိုင်မီ လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က