ဂျော်ဂျီယာဟာ ရွေးကောက်ပွဲအနိုင်ရရန် အဓိကကျတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲလက်မှတ်များ ရေတွက်နေမှု တတိယနေ့သို့ ရောက်ရှိလာပြီးဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရရန် အဓိက ပြည်နယ်တစ်ခုဖြစ်တဲ့ ဂျော်ဂျီယာမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ထက် အသာရလာခဲ့ကြောင်း သိရပါတယ်။

(Infographic: AP)

ထရန့်ဟာ ရွေးကောက်ပွဲအနိုင်ရရန် လမ်းကြောင်းပေါ်မှာဆက်ရှိနေရေး ဂျော်ဂျီယာပြည်နယ်မှာ အနိုင်ရမှသာဖြစ်မယ်လို့ ဆိုပါတယ်။ နောက်ဆုံး မဲရေတွက်မှု အချက်အလက်တွေအရ ဂျိုးဘိုင်ဒန်က မဲအရေအတွက် ၉၁၇ မဲမျှဖြင့် ဦးဆောင်နေပြီး မဲရေတွက်မှုဟာ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဂျော်ဂျီယာမှာ Electoral College မဲ ၁၆ မဲရှိရာ ထိုပြည်နယ်မှာ အနိုင်ရရှိခြင်းဖြင့် ဂျိုးဘိုင်ဒန်ဟာ လိုအပ်တဲ့ Electoral College မဲအရေအတွက် ၂၇၀ ကို ပြည့်မီကျော်လွန်သွားမယ်လို့ သိရပါတယ်။



မြန်မာစံတော်ချိန် ယနေ့ည ၉ နာရီကျော်အချိန် ထပ်မံသိရှိရတဲ့ သတင်းအရ ယခင်က ထရန့် အသာရနေခဲ့တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာလည်း ဂျိုးဘိုင်ဒန်က ဦးဆောင်လာကြောင်း သိရပါတယ်။ မဲများကို ဆက်လက် ရေတွက်နေဆဲဖြစ်ပြီး သတင်းဌာနတွေကတော့ ဂျိုးဘိုဒန် အနိုင်ရကြောင်း ပြောကြားမှုတွေ မရှိသေးပါဘူး။

(Photo: Reuters)

ရွေးကောက်ပွဲအာဏာပိုင်တွေက ဂျော်ဂျီယာပြည်နယ် မဲရလဒ်ကို ဒေသစံတော်ချိန် သောကြာနေ့ (နိုဝင်ဘာ ၆ ရက်) မှာ သိရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဂျော်ဂျီယာဟာ အစဥ်အလားအားဖြင့် ထရန့်ရဲ့ ရီပတ်ဘလစ်ကင်ပါတီ အားကောင်းတဲ့ပြည်နယ်ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ ၁၉၉၂ ခုနှစ်နောက်ပိုင်း အနိုင်မရခဲ့ဖူးပါဘူး။

မဲရလဒ်သိရှိရန် ကျန်ရှိနေသေးတဲ့ ပြည်နယ်များမှာ ဂျော်ဂျီယာ၊ နီဗားဒါး၊ ဟာဝိုင်အီ၊ ပင်ဆယ်ဗေးနီးယား၊ အလက်စကာ၊ မြောက်ကာရိုလိုင်းနားတို့ဖြစ်ကြောင်း AP နဲ့ Fox News တို့ရဲ့ ရွေးကောက်ပွဲအခြေအနေ တိုက်ရိုက် တင်ဆက်မှုများက ဖော်ပြထားပါတယ်။ ၎င်းတို့အနက် ဂျော်ဂျီယာ၊ နီဗားဒါး၊ ဟာဝိုင်အီတို့မှာ ဂျိုးဘိုင်ဒန်က ဦးဆောင်နေပြီး ထိုပြည်နယ်သုံးခုရဲ့ စုစုပေါင်း Electoral College မဲအရေအတွက်ဟာ ၂၆ မဲ ဖြစ်ပါတယ်။

(Photo: Reuters)

ထရန့်က ပင်ဆယ်ဗေးနီးယား၊ အလက်စကာ၊ မြောက်ကာရိုလိုင်းနားတို့မှာ ဦးဆောင်နေပြီး ထိုပြည်နယ်တွေရဲ့ စုစုပေါင်း Electoral College မဲအရေအတွက်က ၃၈ မဲဖြစ်ကြောင်း သိရပါတယ်။ မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၆ ရက်) ညပိုင်းအထိ နောက်ဆုံးသိရှိရတဲ့ အမေရိကန်ပြည်နယ်တွေရဲ့ Electoral College မဲတွေ ရေတွက်ပြီးစီးမှု ရလဒ်အရ ဂျိုးဘိုင်ဒန်က ၂၆၄ မဲနဲ့ ထရန့်က ၂၁၄ မဲ အသီးသီး ရရှိထားကြောင်း AP ‌က ဖော်ပြပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

(Photo: Getty Images)

လက်ရှိအချိန်အထိ Electoral College မဲ ၄၇၈ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် မဲ ၆၀ ရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သို့သော် လက်ကျန်မဲတွေအနက် ဂျိုးဘိုင်ဒန်က ၆ မဲမျှရရှိရုံဖြင့် အနိုင်ရမှာဖြစ်ပါတယ်။ ထရန့်ကတော့ သမ္မတရွေးကောက်ပွဲအနိုင်ရရန် နောက်ထပ် ၅၆ မဲ လိုအပ်နေကြောင်း သိရပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ၆၆.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း US Election Project က ထုတ်ပြန်ထားပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့မတိုင်မီ လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီး ဖြစ်ပါတယ်။


Share

Loading Next Article...
က္က