အဓိက ပြည်နယ်တွေမှာ မဲအသာရလာပြီးနောက် ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲအနိုင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။
Ko John

မဲရေတွက်နေဆဲ အဓိကကျတဲ့ လက်ကျန်ပြည်နယ်တွေမှာ ဒေါ်နယ်ထရန့်ကို အသာရလာပြီးနောက် ဂျိုးဘိုင်ဒန်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း နောက်တစ်ကြိမ် ပြောကြားခဲ့ပါတယ်။

(Photo: AP)

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်များသိရှိရန် လက်တစ်ဆုပ်စာ ပြည်နယ်အရေအတွက်သာ ကျန်ရှိတော့ပြီး ထိုပြည်နယ်တွေအနက် အရေးပါတဲ့ ပင်ဆယ်ဗေးနီးယားနဲ့ ဂျော်ဂျီယာတို့မှာလည်း မဲအသာရလာခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲအနိုင်ရတော့မယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ယနေ့ (နိုဝင်ဘာ ၇ ရက်) မြန်မာစံတော်ချိန် ညပိုင်းအထိ AP နဲ့ Fox News ကဲ့သို့ သတင်းဌာနတွေရဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် တိုက်ရိုက်တင်ဆက်မှုတွေအရ ဂျိုးဘိုင်ဒန်က Electoral College မဲ၂၆၄ မဲနဲ့ ထရန့်က ၂၁၄ မဲ အသီးသီး ရရှိထားပါတယ်။

(Photo: BBC)

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

လက်ရှိအချိန်အထိ Electoral College မဲ ၄၇၈ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် မဲ ၆၀ ရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ လက်ကျန်ပြည်နယ်တွေအနက် စုစုပေါင်း Electoral College မဲ ၄၆ မဲရှိတဲ့ ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ နီဗားဒါးနဲ့ ဟာဝိုင်အီတို့မှာ ဦးဆောင်နေကြောင်း AP က ဖော်ပြပါတယ်။


(Infographic: AP)

ထရန့်ကတော့ စုစုပေါင်း Electoral College မဲ ၁၈ မဲရှိတဲ့ မြောက်ကာရိုလိုင်းနားနဲ့ အလက်စကာမှာ ဦးဆောင်နေပါတယ်။ လက်ကျန်ပြည်နယ်တွေရဲ့ Electoral College မဲတွေအနက် ဂျိုးဘိုင်ဒန်က ၆ မဲမျှရရှိရုံဖြင့် အနိုင်ရမှာဖြစ်ပြီး ထရန့်ကတော့ သမ္မတရွေးကောက်ပွဲအနိုင်ရရန် နောက်ထပ် ၅၆ မဲ လိုအပ်နေတာ ဖြစ်ပါတယ်။

ထိုအခြေအနေအရ ဂျိုးဘိုင်ဒန်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရန် နီးစပ်နေခဲ့ပါတယ်။ ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတထရန့်ဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထား အရေးဆိုမှုတွေ ရှိနေခဲ့ပါတယ်။

(Infographic: Reuters)

COVID-19 ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်နေတဲ့ အမေရိကန်မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲပေးကြရာမှာ ရွေးကောက်ပွဲနေ့မတိုင်မီ စာတိုက်မှတစ်ဆင့်မဲပေးမှုနဲ့ ကြိုတင်မဲပေးမှု သန်း ၁၀၀ နီးပါးရှိခဲ့ပါတယ်။ စာတိုက်မဲများကို စုဆောင်းရေတွက်ရမှုကြောင့်လည်း မဲရလဒ်များသိရှိနိုင်ရန် ပုံမှန်ထက် အချိန်ပိုကြာနေခဲ့ပါတယ်။ ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ၆၆.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း US Election Project က ထုတ်ပြန်ထားပါတယ်။

.


Author


က္က