ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း AP ၊ Fox News ၊ BBC ကဲ့သို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။

(Image: BBC)

ယနေ့ (နိုဝင်ဘာ ၇ ရက်) မြန်မာစံတော်ချိန် ညသန်းခေါင်း AP သတင်းဌာနရဲ့ အမေရိကန်ရွေးကောက်ပွဲ မဲရလဒ်များ တိုက်ရိုက်ဖော်ပြမှုအရ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ပင်ဆယ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တွေမှာ Electoral College မဲ ၂၆ မဲ ထပ်မံရရှိခဲ့ပြီးနောက် ရွေးကောက်ပွဲအနိုင်ရပြီဖြစ်ကြောင်း သိရပါတယ်။ BBC သတင်းဌာနရဲ့ တိုက်ရိုက်တင်ဆက်မှုမှာလည်း ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း ဖော်ပြခဲ့ပါတယ်။



Fox News သတင်းဌာနရဲ့ တိုက်ရိုက်တင်ဆက်မှုမှာလည်း ဂျိုးဘိုင်ဒန်က ပင်ဆယ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တို့မှာ Electoral College မဲ ၂၆ မဲ ရရှိခဲ့ပြီးနောက် စုစုပေါင်း Electoral College မဲ ၂၉၀ အထိ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရတာ ဖြစ်ပါတယ်။

(Infographic: FoxNews)

ပင်ဆယ်ဗေးနီးယား မဲရလဒ်မထုတ်ပြန်မီမှာ ဂျိုးဘိုင်ဒန်က ၂၆၄ မဲနဲ့ ထရန့်က ၂၁၄ မဲ အသီးသီး ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားနဲ့ ဂျော်ဂျီယာတို့မှာလည်း မဲအသာရလာခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲအနိုင်ရတော့မယ်လို့ အစောပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အမေရိကန်အတွက် စည်းလုံးကြရန်အချိန်ရောက်ပြီလို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ အမေရိကန်အားလုံးအတွက် သမ္မတဖြစ်စေမယ်လို့လည်း ၎င်းက ကတိပြုခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ထိုစဥ်က ဂျိုးဘိုင်ဒန်ဟာ မဲရေတွက်နေဆဲ လက်ကျန်ပြည်နယ်တွေအနက် ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ နီဗားဒါးနဲ့ ဟာဝိုင်အီတို့မှာ ဦးဆောင်နေခဲ့ပြီး ယခုအခါမှာတော့ ပင်ဆယ်ဗေးနီးယားမှာ အနိုင်ရကြောင်း မဲရလဒ်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ထရန့်ကတော့ မဲရေတွက်နေဆဲ လက်ကျန်ပြည်နယ်တွေထဲမှ မြောက်ကာရိုလိုင်းနားနဲ့ အလက်စကာမှာ ဦးဆောင်နေခဲ့ပါတယ်။

(Infographic: AP)

ပြည်နယ်တွေရဲ့ Electoral College မဲတွေအနက် ဂျိုးဘိုင်ဒန်က ၆ မဲမျှရရှိရုံဖြင့် အနိုင်ရမှာဖြစ်ပြီး ထရန့်ကတော့ သမ္မတရွေးကောက်ပွဲအနိုင်ရရန် နောက်ထပ် ၅၆ မဲ လိုအပ်နေတာ ဖြစ်ပါတယ်။ ထိုအခြေအနေအရ ဂျိုးဘိုင်ဒန်က Electoral College မဲ ၂၀ ရရှိခဲ့တာကြောင့် လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ကို ပြည့်မီကျော်လွန်သွားပြီး ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိရန် သေချာသွားခဲ့ပါတယ်။

ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတထရန့်ဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထား အရေးဆိုမှုတွေ ရှိနေခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်နေတဲ့ အမေရိကန်မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲပေးကြရာမှာ ရွေးကောက်ပွဲနေ့မတိုင်မီ စာတိုက်မှတစ်ဆင့်မဲပေးမှုနဲ့ ကြိုတင်မဲပေးမှု သန်း ၁၀၀ နီးပါးရှိခဲ့ပါတယ်။

(Photo: AFP)

စာတိုက်မဲများကို စုဆောင်းရေတွက်ရမှုကြောင့်လည်း မဲရလဒ်များသိရှိနိုင်ရန် ပုံမှန်ထက် အချိန်ပိုကြာနေခဲ့ပါတယ်။ ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ၆၆.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း US Election Project က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး ၄၆ ဦးမြောက် အမေရိကန်သမ္မတ ဖြစ်လာတော့မယ့် ဂျိုးဘိုင်ဒန်ဟာ သမ္မတဘာရတ်အိုးဘားမားလက်ထက် ၂၀၀၉ မှ ၂၀၁၇ ခုနှစ်အထိ အမေရိကန်ရဲ့ ၄၇ ဦးမြောက် ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။

(Photo: AP)

၎င်းဟာ ဒီမိုကရက်တစ်ပါတီရဲ့ ဒီလာဝဲပြည်နယ်မှ လွှတ်တော်အမတ်အဖြစ် ၁၉၇၃ မှ ၂၀၀၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၇၇ နှစ်အရွယ် ဂျိုးဘိုင်ဒန်က ယခု နိုဝင်ဘာလအတွင်း အသက် ၇၇ နှစ်ပြည့်တော့မှာဖြစ်ရာ သမ္မတတာတာဝန် စတင်ထမ်းဆောင်ချိန်မှာ အသက် ၇၈ နှစ်အရွယ်ဖြင့် အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ 

ထို့အတူ ဒုတိယသမ္မတဖြစ်လာမယ့် ကမ်မလာဟာရစ်ကလည်း အမေရိကန်သမိုင်းမှာ ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး ဒုတိတသမ္မတအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ကမ်မလာဟာရစ်က ကယ်လီဖိုးနီးယားပြည်နယ် ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။



က္က