အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိလာနိုင်ပါတယ်။

အမေရိကန်အခြေစိုက် Moderna Inc. က ထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် ကာကွယ်ဆေးက COVID-19 ကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်အချက်အလက်တွေအပေါ် အခြေခံပြီး ကုမ္ပဏီက ပြောပါတယ်။

(Photo: CJ Gunther/EPA-EFE)

Moderna ဟာ မျှော်လင့်ထားတာထက် ပိုမိုသာလွန်တဲ့ စမ်းသပ်မှုရလဒ်များ တွေ့ရှိရကြောင်း သတင်းထုတ်ပြန်တဲ့ တစ်ပတ်အတွင်း ဒုတိယမြောက် အမေရိကန်ကုမ္ပဏီ ဖြစ်လာပါတယ်။ Moderna ကာကွယ်ဆေးကို လူဦးရေ ၃၀,၀၀၀ မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။



နောက်ထပ် အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကလည်း စမ်းသပ်မှုရလဒ်တွေအရ COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

ယခုအခါ Moderna နဲ့ Pfizer တို့ရဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘေးကင်းစိတ်ချရမှုဆိုင်ရာ နောက်ထပ်အချက်အလက်တွေနဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ သုံးသပ်ချက်တို့ကို စောင့်ဆိုင်းနေကြောင်းနဲ့ အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိလာနိုင်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရရဲ့ အစီအစဥ်အရ ယခုနှစ်ကုန်မှာ အများဆုံး လူဦးရေ သန်း ၆၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်မယ်လို့ ဆိုပါတယ်။ လာမယ်နှစ်အတွင်းမှာတော့ အမေရိကန်အစိုးရက ဆေးကုမ္ပဏီနှစ်ခုထံမှ COVID-19 ကာကွယ်ဆေး ၁ ဘီလီယံကျော် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ထိုအရေအတွက်ဟာ ကာကွယ်ဆေးထိုးရန်လိုအပ်တဲ့ အမေရိကန်လူဦးရေ သန်း ၃၃၀ ထက် ပိုများပါတယ်။

(Photo: AP)

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၁.၃၆ သန်းကျော်နဲ့ သေဆုံးသူ ၂၅၁,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်ခံရသူ ၆.၉ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။ Moderna နဲ့ Pfizer တို့ရဲ့ ကာကွယ်ဆေးနှစ်မျိုးလုံးဟာ messenger RNA သို့မဟုတ် mRNA လို့ သိထားကြတဲ့ နည်းပညာသစ်ကို အသုံးပြုထားပြီး COVID-19 ကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မယ်လို့ ဆိုပါတယ်။

"COVID-19 ကို ရပ်တန့်စေနိုင်တဲ့ ကာကွယ်ဆေးတစ်ခု ကျွန်တော်တို့ ရရှိတော့မှာပါ" လို့ Moderna ဥက္ကဌ Stephen Hoge က တယ်လီဖုန်းအင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ Moderna ကာကွယ်ဆေးဟာ Pfizer ကာကွယ်ဆေးထက် ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးနိုင်တဲ့ အားသာချက်ရှိပြီး အပူချိန် ၂ မှ ၈ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် ရက် ၃၀ ကြာ သိုလှောင်ထားနိုင်ပြီး အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့်ဆိုပါက ၆ လအထိ သိုလှောင်ထားနိုင်ကြောင်း သိရပါတယ်။ \

(Photo: Reuters)

Pfizer နဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကတော့ အပူချိန် အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် သိုလှောင်ထိန်းသိမ်းပြီး သယ်ယူပို့ဆောင်ရန် လိုအပ်ပါတယ်။ ပုံမှန် ရေခဲသေတ္တာအပူချိန်မှာ ထိန်းသိမ်းထားရှိပါက ငါးရက်အထိ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ သန်း ၅၀ ကျော်မှာ ကူးစက်သွားခဲ့ပြီး ၁.၂၅ သန်းကျော် သေဆုံးခဲ့ကာ ပြန်လည်သက်သာသူ ၃၅ သန်းကျော်ရှိခဲ့ပါတယ်။

ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိဟုဆို

Share

Loading Next Article...
က္က