ခွင့်ပြုချက်ရတဲ့ ကာကွယ်ဆေးကို ဆေးထိုးနှံပေးမယ့် နေရာများသို့ ၂၄ နာရီအတွင်း ပေးပို့သွားရန် ပြင်ဆင်ထားပါတယ်။

အမေရိကန်နိုင်ငံမှာ အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ဒီဇင်ဘာလ အစောပိုင်းမှာ စတင်သွားရန် မျှော်လင့်ထားကြောင်း အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအစီအစဥ်ဆိုင်ရာ အကြီးအကဲက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။

(ဒေါက်တာ Moncef Slaoui) (Photo: Saul Loeb/AFP/Getty Images)

ကာကွယ်ဆေးအစီအစဥ် အကြီးအကဲ ဒေါက်တာ Moncef Slaoui က CNN သတင်းဌာနကို ပြောကြားမှုအရ ခွင့်ပြုချက်ရတဲ့ ကာကွယ်ဆေးတစ်ခုကို ဆေးထိုးနှံပေးမယ့် နေရာများသို့ ၂၄ နာရီအတွင်း ပေးပို့သွားရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံတွေအနက် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး လတ်တလောမှာလည်း နိုင်ငံတစ်ဝန်း ကူးစက်မှုများ သိသာစွာ မြင့်တက်နေပါတယ်။



အမေရိကန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၂ သန်းကျော်နဲ့ သေဆုံးသူ ၂၅၅,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် ခွင့်ပြုချက်လျှောက်ထားပြီး ဖြစ်ပါတယ်။

(Photo: Reuters)

Pfizer-BioNTech ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်များအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားခဲ့ကြောင်း သိရပါတယ်။

FDA ရဲ့ ကာကွယ်ဆေး အကြံပေးကော်မတီက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အစည်းအဝေးပြုလုပ်မယ်လို့ ခန့်မှန်းထားပါတယ်။ FDA က ခွင့်ပြုချက်ပေးပြီး နောက်တစ်ရက်မှာ ကာကွယ်ဆေးကို စတင်ဖြန့်ဝေနိုင်ကြောင်းနဲ့ ဒီဇင်ဘာ ၁၁ ရက် သို့မဟုတ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ Moncef Slaoui က CNN ကို ပြောခဲ့ပါတယ်။

(Photo: Reuters)

ဒီဇင်ဘာလအတွင်း အမေရိကန်တစ်ဝန်း လူဦးရေ သန်း ၂၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်မယ်လို့ ဒေါက်တာ Moncef Slaoui က ခန့်မှန်းထားပြီး နောက်ပိုင်းမှာ တစ်လလျှင် လူဦးရေ သန်း ၃၀ ကို ကာကွယ်ဆေးထိုနှံပေးနိုင်မယ်လို့ ဆိုပါတယ်။ Pfizer က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

နောက်ထပ် အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကလည်း COVID-19 ကို ၉၄.၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ကြောင်း ပြောထားပြီး FDA ထံမှ ဒီဇင်ဘာလအတွင်း ခွင့်ပြုချက်ရနိုင်ကြောင်း သိရပါတယ်။ Moderna က ၎င်းတို့ရဲ့ကာကွယ်ဆေးကို အစိုးရတွေအတွက် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာကြား ‌ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Stephane Bancel က အပတ်စဥ်ထုတ် ဂျာမန်သတင်းစာ Welt am Sonntag (WamS) ကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က