လာမယ့် သီတင်းပတ်အတွင်း နိုင်ငံသားအမြောက်အမြားကို ကာကွယ်ဆေးထိုးနှံမှု စတင်ရန် ညွှန်ကြားလိုက်ပါတယ်။
Ko John

ရုရှားသမ္မတ ဗလာဒီမာပူတင်က လာမယ့် သီတင်းပတ်အတွင်း နိုင်ငံသားအမြောက်အမြားကို COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်ဆောင်ရွက်ရန် ယနေ့ (ဒီဇင်ဘာ ၂ ရက်) ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

(Photo: Retuers)

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ဆရာ/ဆရာမတွေကို ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေအရ COVID-19 ကို ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း ရုရှားက Sputnik V ကာကွယ်ဆေး ၂ သန်း ထုတ်လုပ်သွားမယ်လို့ သမ္မတပူတင်က ပြောပါတယ်။



"လာမယ့် သီတင်းပတ်ကုန်မှာ လူအမြောက်အမြားကို ကာကွယ်ဆေးထိုးနှံမှု စတင်ဖို့အတွက် စီစဥ်လုပ်ဆောင်ပါ" လို့ ပူတင်က ဒုတိယဝန်ကြီးချုပ် တက်ယာနာဂိုလီကိုဗာကို ညွှန်ကြားခဲ့ကြောင်း ရုရှားသတင်းဌာန RT က ဖော်ပြပါတယ်။ အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးနှံရန် အဆင်သင့်ဖြစ်ချိန်မှာ အစီရင်ခံစာ ပေးပို့မယ့်အကြောင်း ဒုတိယဝန်ကြီးချုပ်က သမ္မတပူတင်ကို ပြောခဲ့ရာမှာတော့ ပူတင်က အစီရင်ခံစာ မလိုချင်ကြောင်းနဲ့ အမှန်တစ်ကယ် ကာကွယ်ဆေးထိုးနှံမှုကို စတင်ရန် တုံ့ပြန်ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ရုရှားမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ဟာ မဖြစ်မနေမဟုတ်ဘဲ မိမိတို့ သဘောဆန္ဒအလျောက် ရွေးချယ်ခွင့်ရှိပါတယ်။ ရုရှားနိုင်ငံသားတွေကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားရန် အစိုးရက စီစဥ်ထားပါတယ်။ နှစ်ကြိမ်ထိုးနှံရတဲ့ ရုရှားထုတ် Sputnik V ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ နိုင်ငံတကာဈေးကွက်မှာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ (မြန်မာကျပ်ငွေ ၁၃,၀၀၀ ဝန်းကျင်) အောက်ဖြစ်ရာ လူတစ်ဦးအတွက် ဒေါ်လာ ၂၀ အောက် (မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

လာမယ့်နှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားမှာ Sputnik V ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်သွားရန် ရည်မှန်ထားကြောင်း ကာကွယ်ဆေးထုတ်လုပ်မှုကို ငွေကြေးထောက်ပံ့ထားတဲ့ RDIF (Russian Direct Investment Fund) အဖွဲ့အစည်းနဲ့ ကာကွယ်ဆေးဖော်စပ်သူတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: Sputnik)

ရုရှားနိုင်ငံမှာ စက်တင်ဘာလကတည်းက ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့ပေမဲ့ အာဏာပိုင်တွေက တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် ငြင်းပယ်ထားခဲ့ပြီး လိုအပ်တဲ့နေရာတွေမှာသာ ပိတ်ပင်ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ခြင်းဖြင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်း ပြောထားခဲ့ပါတယ်။ ရုရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂.၃ သန်းကျော်နဲ့ သေဆုံးသူ ၄၁,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ရုရှားထုတ် COVID-19 ကာကွယ်ဆေး Sputnik V ရဲ့ ပထမအသုတ်ကို မော်စကိုမြို့တောင်ဘက်ရှိ ဒိုမိုဒီဒိုဗိုမြို့ရှိ Central City ဆေးရုံသို့ ပေးပို့ခဲ့ပြီး အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထိုဆေးရုံက ပြောခဲ့ပါတယ်။ ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ ကာကွယ်ဆေးထိုးနှံလိုသူတွေဟာ အစိုးရဝက်ဘ်ဆိုက်တစ်ခုမှာ ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ပြီး COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်အဖြေနဲ့ နိုင်ငံသားအထောက်အထား စာရွက်စာတမ်းတွေကို ဆေးထိုးမယ့်ရက်မှာ ယူဆောင်လာရမယ်လို့ ဆိုပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က