အမေရိကန် ကာကွယ်ဆေးထုတ်လုပ်ရေးစီမံကိန်းကို ဦးဆောင်သူက ၎င်းရဲ့အမြင်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

COVID-19 ကာကွယ်ဆေးက နှစ်ကာလရှည်ကြာ အကျိုးအာနိသင်ရှိနိုင်ကြောင်း အမေရိကန် ကာကွယ်ဆေးထုတ်လုပ်ရေးစီမံကိန်းကို ဦးဆောင်သူက ဒီဇင်ဘာ ၆ ရက်နေ့မှာ ၎င်းရဲ့အမြင်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

(သမ္မတဒေါ်နယ်ထရန်နှင့် ဒေါက်တာ Moncef Slaoui) (Photo: Getty Images)

ကာကွယ်ဆေးအာနိသင် တာရှည်ခံမှုနဲ့ ပတ်သက်ပြီး အချိန်ကျမှသာ အတိအကျ သိရှိလာမှာဖြစ်ပေမဲ့ ၎င်းရဲ့အမြင်အရ ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်ရှိမှုဟာ နှစ်ပေါင်းများစွာကြာနိုင်တယ်လို့ ဒေါက်တာ Moncef Slaoui ကဆိုပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ အခြား ပိုမိုကူးစက်နိုင်သူတွေမှာတော့ သုံးနှစ်ကနေ ငါးနှစ်ကြာတိုင်း နောက်တစ်ကြိမ် အာနိသင်မြှင့်တင်မှုအဖြစ် ကာကွယ်ဆေးထိုးရန် လိုအပ်လိမ့်မယ်လို့လည်း ဒေါက်တာ Moncef Slaoui က CNN သတင်းဌာနရဲ့ "State of the Union" အစီအစဥ်မှာ ပြောခဲ့ပါတယ်။



ကိုယ်ခံအားစနစ်ရဲ့ ဝိသေသ လက္ခဏာတွေအနက် တစ်ခုဟာ မှတ်သားနိုင်စွမ်းဖြစ်ကြောင်း၊ ထို့ကြောင့် COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကို ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုဟာ ကာကွယ်ဆေးထိုးပြီးပါ များစွာ ပိုမြန်လာလိမ့်မယ်လို့ ၎င်းက သုံးသပ်ပါတယ်။

(Photo: Reuters)

လက်ရှိမှာ ကာကွယ်ဆေးထိုးပြီးသူတွေဟာ အကယ်၍ ၎င်းတို့ကိုယ်တိုင် ဗိုင်းရပ်စ်ကို ကာကွယ်ထားပြီးဖြစ်ပေမဲ့လည်း ၎င်းတိုထံမှ အခြားသူများသို့ ကူးစက်သွားနိုင်ခြင်းရှိ မရှိ မသိရသေးကြောင်းလည်း ဒေါက်တာ Moncef Slaoui က ပြောပါတယ်။ ထိုအခြေအနေနဲ့ ပတ်သက်ပြီး ကနဦး အချက်အလက်တွေကို လာမယ့် ဖေဖေါ်ဝါရီ သို့မဟုတ် မတ်လအတွင်းမှာ သိရှိလာနိုင်တယ်လို့ ၎င်းကဆိုပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး အတိအကျ မသိနိုင်သေးတာတွေ ရှိနေဆဲဖြစ်တာကြောင့် လူတွေအနေနဲ့ သတိထားမှု၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုတွေနဲ့ အခြား ကူးစက်မှုတိုက်ဖျက်ရေး စည်းမျဥ်းစည်းကမ်းတွေကို ဆက်လက် လိုက်နာဆောင်ရွက်ရန် အရေးကြီးတယ်လို့ ဒေါက်တာ Moncef Slaoui က အလေးအနက် ပြောခဲ့ပါတယ်။

(Photo: Reuters)

လူဦးရေ ၇၀ မှ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးချိန်မှာ ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျသွားမယ်လို့လည်း အမေရိကန် ကာကွယ်ဆေးထုတ်လုပ်ရေးစီမံကိန်းကို ဦးဆောင်သူ ဒေါက်တာ Moncef Slaoui က မှတ်ချက်ပြုခဲ့ကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၅ သန်းကျော်နဲ့ သေဆုံးသူ ၂၈၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

အ‌မေရိကန်မှာ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတိုက အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေး အာဏာပိုင်အဖွဲ့အစည်း (Food and Drug Administration - FDA) ထံမှ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် မကြာမီ ခွင့်ပြုချက်ရှိလာနိုင်ပြီး ခရစ်စမတ်မတိုင်မီ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်နိုင်မယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က