Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတို့ ဖြစ်ပါတယ်။
Ko John

အမေရိကန်တွေအတွက် ခရစ်စမတ်မတိုင်မီ COVID-19 ကာကွယ်ဆေးနှစ်ခု ရရှိလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Alex Azar က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။

(Photo: AP)

အမေရိကန်မှာ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတိုက အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေး အာဏာပိုင်အဖွဲ့အစည်း (Food and Drug Administration - FDA) ထံမှ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် မကြာမီ ခွင့်ပြုချက်ရှိလာနိုင်ပါတယ်။

FDA ရဲ့ ပြင်ပအကြံပေးပုဂ္ဂိုလ်များက လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ပြီး အမေရိကန်အခြေစိုက် Pfizer ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးရန် စဥ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးပြီး ရက်ပိုင်းအတွင်း ဖြန့်ဖြူသွားမှာဖြစ်ကြောင်းနဲ့ Moderna ကာကွယ်ဆေးကို နောက်တစ်ပတ်အကြာမှာ ခွင့်ပြုချက်ပေးနိုင်ကြောင်း Alex Azar က ဆိုပါတယ်။

(Photo: AFP)

"ဒါကြောင့် ခရစ်စမတ်မတိုင်ခင် ဒီကာကွယ်ဆေးတွေ ထွက်ရှိလာပြီး လူတွေ ထိုးနှံနိုင်ပါလိမ့်မယ်" လို့ ၎င်းက CBS ရုပ်မြင်သံကြားသတင်းဌာနရဲ့ This Morning အစီအစဥ်မှာ ပြောခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရက COVID-19 ကာကွယ်ဆေးတွေကို ပုံမှန်ကာကွယ်ဆေး ဖြန့်ဖြူးမှုစနစ်ဖြင့် ပေးပို့သွားမှဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက မည်သည့်နေရာတွေကို ပထမဆုံး ပို့ဆောင်သင့်ကြောင်း ဆုံးဖြတ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ရှင်းပြပါတယ်။

တနင်္လာနေ့ (နိုဝင်ဘာ ၃၀ ရက်) နှောင်းပိုင်းမှာ ဒုတိယသမ္မတ မိုက်ပင့်စ်က ကာကွယ်ဆေးကိစ္စနဲ့ မည်သည့် လူအုပ်စုကို ဦးစားပေးပြီး ပထမဆုံး ထိုးနှံသင့်ကြောင်းကို ပြည်နယ်အုပ်ချုပ်ရေးမှူး အားလုံးနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဆေးတစ်လုံးလျှင် ၁၈ ဒေါ်လာဝန်းကျင် (မြန်မာကျပ်ငွေ ၂၃,၀၀၀ ကျော်) ဖြစ်ပြီး နှစ်ကြိမ်ထိုးနှံရန် လိုအပ်ပါတယ်။

(Photo: Reuters)

Moderna က အစိုးရတွေအတွက် ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာအတွင်း (မြန်မာကျပ်ငွေ ၃၂,၀၀၀ ကျော်နဲ့ ၄၈,၀၀၀ ကျော်အတွင်း) ဖြင့် ရောင်းချသွားမယ်လို့ ပြောထားပါတယ်။ Moderna ကာကွယ်ဆေးက နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ COVID-19 ကို ၉၄.၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး နှစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။

Moderna ကာကွယ်ဆေးဟာ Pfizer ကာကွယ်ဆေးထက် ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးနိုင်တဲ့ အားသာချက်ရှိပြီး အပူချိန် ၂ မှ ၈ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် ရက် ၃၀ ကြာ သိုလှောင်ထားနိုင်ပြီး အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့်ဆိုပါက ၆ လအထိ သိုလှောင်ထားနိုင်ကြောင်း သိရပါတယ်။

Pfizer နဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကတော့ အပူချိန် အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် သိုလှောင်ထိန်းသိမ်းပြီး သယ်ယူပို့ဆောင်ရန် လိုအပ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးတွေ့ရှိရတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၁၃ သန်းကျော်နဲ့ သေဆုံးသူ ၂၇၄,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်ခံရသူ ၈.၂ သန်းကတော့ ပြန်လည်သက်သာခဲ့ပါတယ်။


Author


က္က