ဥရောပသမဂ္ဂက ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးတဲ့ လုပ်ငန်းစဥ် နှေးကွေးကြောင်း ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့ပါတယ်။
Ko John

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ၁၀ ရက်အတွင်း စတင်သွားမယ်လို့ ဂျာမနီနိုင်ငံက ပြောပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးအသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးတဲ့ လုပ်ငန်းစဥ် နှေးကွေးကြောင်း ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့ပြီးနောက် ဥရောပက ဗြိတိန်နဲ့ အမေရိကန်ကဲ့သို့ COVID-19 ကာကွယ်ဆေးထိုနှံမှုအစီအစဥ် စတင်နိုင်ရန် ကြိုးပမ်းနေပါတယ်။ ဥရောပက ဗြိတိန်နဲ့ အမေရိကန်မှာ အများပြည်သူကို ထိုးနှံပေးနေပြီဖြစ်တဲ့ Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ ခွင့်ပြုချက်ပေးရန် ဆုံးဖြတ်သွားမယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။

"ကာကွယ်ဆေးကို စီစဥ်ထားတဲ့အတိုင်း ခွင့်ပြုချက်ပေးလိုက်ပြီဆိုရင် ဂျာမနီမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ စထိုးပါမယ်၊ ဥရောပမှာရှိတဲ့ အခြား နိုင်ငံတွေကလည်း ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ဆောင်ရွက်ချင်ပြီး ဒီဇင်ဘာ ၂၇ ရက်မှာ စထိုးချင်နေကြပါတယ်" လို့ ကျန်းမာရေးဝန်ကြီး Jens Sphan က ဂျာမနီအဓိပတိ အန်ဂျလာမာကယ်၊ BioNTech ကုမ္ပဏီမှ အမှုဆောင်အရာရှိများနဲ့ အွန်လိုင်းအစည်းအဝေး မတိုင်မီ ပြောခဲ့ပါတယ်။

(ဂျာမန်အဓိပတိမာကယ်လ်နှင့် ဥရောပခေါင်းဆောင်အချို့) (Photo: AP)

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီဟာ ဥရောပဆေးဘက်ဆိုင်ရာဌာန (European Medicines Agency - EMA) ထံရဲ့ ကာကွယ်ဆေးအသုံးပြုရန် ခွင့်ပြုချက်ပေးမှုကို စောင့်ဆိုင်းရပါတယ်။ EMA က Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ခွင့်ပြုချက်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။

ဥရောပသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားမှုအရ EMA အနေနဲ့ Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ နောက်ဆုံးအတည်ပြု ခွင့်ပြုချက်ပေးသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်က ဒီဇင်ဘာ ၃ ရက်၊ ကနေဒါက ဒီဇင်ဘာ ၉ ရက်နဲ့ အမေရိကန်က ဒီဇင်ဘာ ၁၁ ရက်မှာ အရေးပေါ်သုံးအဖြစ် အသီးသီး ခွင့်ပြုချက်ပေးခဲ့ပါတယ်။

(အမေရိကန်မှာ Pfizer-BioNTech ကာကွယ်ဆေး စတင်ထိုးနှံစဥ်) (Photo: AP)

ဂျာမနီအခြေစိုက် BioNTech ရဲ့ ဆေးဘက်ဆိုင်အရာရှိချုပ် Oezlem Tuereci ရဲ့ အဆိုအရ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံလုံးက တစ်ချိန်တည်းမှာ ရရှိလာနိုင်မယ်လို့ သိရပါတယ်။ ဂျာမနီဟာ ဥရောပမှာ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၄၁ သန်း၊ သေဆုံးသူ ၂၄,၆၉၈ ဦးနဲ့ ပြန်လည်သက်သာသူ ၁.၀၄ သန်းရှိခဲ့ပါတယ်။

ထိုအတောအတွင်း ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ

CureVac က ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအဆင့်စမ်းသပ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုကုမ္ပဏီက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ CureVac ဟာ ဂျာမနီ COVID-19 ကာကွယ်ဆေးအစီအစဥ်အရ ဖော်စပ်ထုတ်လုပ်တဲ့ ကာကွယ်ဆေးသုံးမျိုးအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဂျာမန်အစိုးရက ကာကွယ်ဆေးအစီအစဥ်အတွက် ယူရိုငွေ သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၉၁၁ သန်း) ထောက်ပံ့ပေးထားပါတယ်။


Author


က္က