မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပေမဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုကို သက်ရောက်မှုမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute မှာ ယနေ့ (ဇန်နဝါရီ ၂၁ ရက်) မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငါးဦး သေဆုံးခဲ့ပါတယ်

(Photo: AP)

Serum Institute မှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပေမဲ့ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို သက်ရောက်မှုမဖြစ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရုပ်မြင်သံကြားဌာနတွေက ဖော်ပြမှုအရ နိုင်ငံအနောက်ပိုင်း Pune မြို့ရှိ Serum Instituteနေရာကနေ မီးခိုးများ ထူထပ်စွာထွက်ရှိနေတာ တွေ့ခဲ့ရပါတယ်။



Serum Institute ဟာ ဗြိတိန်မှ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးပေါင်းဖော်စပ်ထားတဲ့ Covishield အမှတ်တံဆိပ် COVID-19 ကာကွယ်ဆေး သန်းနဲ့ချီ ထုတ်လုပ်နေပါတယ်။ "COVID-19 ကာကွယ်ဆေးထုတ်လုပ်တဲ့အပိုင်းကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး" လို့ Serum Institute မှ သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

(Photo: AP)

မီးလောင်မှုဟာ ဆောက်လုပ်နေဆဲ အဆောက်အအုံသစ်တစ်ခုမှာ ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ ကာကွယ်ဆေးကုမ္ပဏီသို့ မီးသတ်ကား ခြောက်စီး သို့မဟုတ် ခုနစ်စီး ရောက်ရှိလာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက AFP ကို ပြောခဲ့ပါတယ်။ အိန္ဒိယသတင်းဌာန ဇန်နဝါရီလအတွင်းမှာ အိန္ဒိယ ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က Serum Institute က ထုတ်လုပ်နေတဲ့ Covidshideld နဲ့ Bharat Biotech က ဖော်စပ်ထုတ်လုပ်တဲ့ Covaxin အမည်ရှိ COVID-19 ကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

(Photo: AP)

အိန္ဒိယက ၎င်းတို့ရဲ့ ကမ္ဘာ့အကြီးဆုံး COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ကို Covidshideld နဲ့ Covaxin နှစ်မျိုးလုံးနဖြင့် ပြီးခဲ့တဲ့ စနေနေ့ (ဇန်နဝါရီ ၁၆ ရက်) မှာ စတင်ခဲ့ပြီး ယခုနှစ် ဇူလိုင်လအရောက်မှာ လူဦးရေ သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရန် ရည်မှန်းထားပါတယ်။ ယနေ့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အိန္ဒိယအခြေစိုက် Serum Institute ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက မှီခိုနေရပါတယ်။

အိန္ဒိယနိုင်ငံက ပထမဆုံး COVID-19 ကာကွယ်ဆေးကို ပြည်ပသို့တင်ပို့မှုအဖြစ် ဘူတန်နဲ့ မော်လ်ဒိုက်ကို ပထမအသုတ် ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်) မှာ ပို့ဆောင်ခဲ့ပါတယ်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေး ၂ သန်းနဲ့ နီပေါသို့ ၁ သန်း တင်ပို့ခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယက ၎င်းရဲ့ တောင်အာရှအိမ်နီးချင်း နိုင်ငံများ၊ လက်တင်အမေရိက၊ အာဖရိကနဲ့ ဗဟိုအာရှသို့ COVID-19 ကာကွယ်ဆေး သန်း ၂၀ တင်ပို့ရန် စီစဥ်ထားပါတယ်။

(Photo: AFP)

အိန္ဒိယကုမ္ပဏီ Serum Institute က ထုတ်လုပ်နေတဲ့ Covidshield (ဗြိတိန်မှ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးပေါင်းဖော်စပ်ထား) COVID-19 ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံသို့လည်း တင်ပို့သွားမှာဖြစ်ပြီး လာမယ့် သီတင်းပတ်အတွင်း ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်

Serum Institute က ၎င်းတို့ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး သန်း ၂၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ဦးဆောင်နေတဲ့ ဆင်းရဲတဲ့နိုင်ငံများ ကာကွယ်ဆေးရရှိနိုင်ရေး Covax အစီအစဥ်သို့ ပေးသွင်းရန်လည်း စီစဥ်ထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က