မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းတွင်းလုပ်သား ၂၂ ဦး မြေအောက်မှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ရွှေတူးဖော်ရေးမိုင်းတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မြေအောက်အနက် ပေ ၁,၉၀၀ ကျော် (မီတာ ၆၀၀) မှာ ၁၄ ရက်ကြာ ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သား ၁၁ ဦးကို ဘေးကင်းစွာဖြင့် ယနေ့ (ဇန်နဝါရီ ၂၄ ရက်) ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရသတင်းဌာန CCTV က ပြောပါတယ်။

(Photo: CCTV)

မိုင်းတွင်းလုပ်သားတွေကို သတင်းဓာတ်ပုံနဲ့ ဗီဒီယိုများအရ ၎င်းတို့ရဲ့မျက်လုံးကို အဝတ်စအမည်းဖြင့် ပိတ်ထားခဲ့ပြီး မိုင်းတွင်းထဲကနေ မြေပေါ်သို့ ဆွဲတင်ခဲ့တာ တွေ့ရပါတယ်။ ပထမဆုံး ကယ်ထုတ်ခဲ့တဲ့ မိုင်းတွင်းလုပ်သားဟာ အလွန်အမင်း အားနည်းနေခဲ့ကြောင်း CCTV က ၎င်းရဲ့ Weibo အကောင့်မှာ ပြောပါတယ်။



ကယ်ဆယ်ရေးသမားတွေက မိုင်းတွင်းလုပ်သားကို စောင်တစ်ထည်ဖြင့်ပတ်ပြီး အရေးပေါ်လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ နောက်ထပ် နာရီအနည်းငယ်အကြာမှာ မိုင်းတွင်းရဲ့ မတူညီတဲ့ အပိုင်းများမှ မိုင်းတွင်းလုပ်သား ၁၀ ဦးကို ဆက်လက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Xinhua/NEW.CN)

ကယ်ဆယ်ရေးသမားတွေက မိုင်းတွင်းရဲ့ မြေအောက်နေရာမှာ ပိတ်မိနေခဲ့တဲ့ အဆိုပါ မိုင်းတွင်းလုပ်သားများထံသို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အပေါက်ငယ်များတူပြီး အစားအစာနဲ့ ဆေးဝါးများ ပို့ဆောင်ခဲ့ပါတယ်။ မိုင်းတွင်းလုပ်သားတွေက ၎င်းတို့ကို ကယ်ဆယ်ရေး လက်မလျှော့ရန် တောင်းဆိုထားတဲ့ စာတိုတစ်စောင်ကို ကယ်ဆယ်ရေးသမားများထံသို့ ပေးပို့ခဲ့ပြီး နောက်ပိုင်းမှာ ဖုန်းအဆက်အသွယ်လည်းရခဲ့ပါတယ်။

မြေအောက်ထဲကနေ ယနေ့ ကယ်ထုတ်နိုင်ခဲ့တဲ့ မိုင်းတွင်းလုပ်သား ၁၁ ဦးအနက် တစ်ဦးက ဒဏ်ရာရရှိထားပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့က Shangdong ပြည်နယ် Yantai မြို့အနီးရှိ Hushan မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ထွက်ပေါက်နဲ့ ဆက်သွယ်ရေးစနစ် ပျက်စီးသွားခဲ့ပြီး မိုင်းတွင်းလုပ်သား ၂၂ ဦး မြေအောက်မှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ရွှေတူးဖော်ရေး မိုင်းတွင်းဟာ လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်နေခြင်းမရှိသေးဘဲ တည်ဆောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Xinhua/NEW.CN)

ပိတ်မိခဲ့တဲ့ မိုင်းတွင်းလုပ်သားများအနက် ပေါက်ကွဲမှုကြောင့် ဦးခေါင်းဒဏ်ရာရပြီး ကိုမာဝင်သွားသူတစ်ဦး သေဆုံးခဲ့ပါတယ်။ ယနေ့မှာ ဒဏ်ရာရသူ တစ်ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြေအောက်မှာ ပိတ်မိခဲ့ကြတဲ့ နောက်ထပ် မိုင်းတွင်းလုပ်သား ၁၀ ဦးကတော့ အသက်ရှင်နေဆဲဟုတ် မဟုတ် ၎င်းတို့ရဲ့ ကံကြမ္မာကို အတိအကျ မသိနိုင်သေးပါဘူး။

ထို့အတူ မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မိုင်းတွင်းမတော်တဆမှုဖြစ်ပြီးနောက် ၂၄ နာရီကျော်ကြာတဲ့အထိ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့မှုအတွက် အာဏာပိုင်တွေက အဆိုပါမိုင်းတွင်းရဲ့ မန်နေဂျာတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

(Photo: Xinhua/NEW.CN)

တရုတ်နိုင်ငံမှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဗွန်မိုနော့ဆိုက် ယိုစိမ့်မှုကြောင့် မိုင်းတွင်းလုပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ စက်တင်ဘာလအတွင်းကလည်း Chongqing မြို့စွန်ရှိ မိုင်းတွင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး ကာဗွန်မိုနော့ဆိုက်ပမာဏ မြင့်တက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာတော့ တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းတွေမှာ မတော်တဆမှုတွေကြောင့် နှစ်စဥ် ပျမ်းမျှအားဖြင့် လူ ၅,၀၀၀ ကျော် သေဆုံးလေ့ရှိကြောင်း AP သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က