COVID-19 ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။

မြန်မာနိုင်ငံက လက်ခံရရှိတဲ့ ပထမဆုံး COVID-19 ကာကွယ်ဆေးအဖြစ် အိန္ဒိယနိုင်ငံမှ Covidshield အမှတ်တံဆိပ် ကာကွယ်ဆေး ၁.၅ သန်း ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို ယနေ့ (ဇန်နဝါရီ ၂၇ ရက်) စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။

(Photo: AFP)

Covidshield ကာကွယ်ဆေးကို အိန္ဒိယအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Serum Institute က ဗြိတိန်မှ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို Covidshield အမှတ်တံဆိပ်ဖြင့် သန်းနဲ့ချီ အရေအတွက် ထုတ်လုပ်လျက်ရှိပါတယ်။



Serum Institute က အိန္ဒိယပြည်တွင်းအတွက်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားအတွက် Covidshield ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်နေပြီး COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ Covidshield ကာကွယ်ဆေးဟာ Pfizer-BioNTech ကာကွယ်ဆေးကဲ့သို့မဟုတ်ဘဲ ပုံမှန်ရေခဲသေတ္တာဖြင့် သိုလှောင်ထားရှိနိုင်ပြီး သယ်ယူပို့ဆောင်နိုင်ပါတယ်။

(Photo: Serum Institute)

ဒါ့အပြင် Covidshield ဟာ ဈေးနှုန်းအားဖြင့်လည်း အမေရိကန်ထုတ် COVID-19 ကာကွယ်ဆေးတွေဖြစ်ကြတဲ့ Pfizer-BioNTech နဲ့ Moderna တို့ထက် သိသိသာသာ လျော့နည်းသက်သာပြီး ဆင်းရဲတဲ့နိုင်ငံတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ Serum Institute ကို ၁၉၆၆ ခုနှစ်အတွင်း အိန္ဒိယအနောက်ပိုင်း Pune မြို့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး COVID-19 ကပ်ရောဂါ မတိုင်မီကတည်းကပင် ကမ္ဘာ့ကာကွယ်ဆေးထုတ်လုပ်မှုမှာ ဦးဆောင်နေခဲ့ပြီး တစ်နှစ်လျှင် ကာကွယ်ဆေးအရေအတွက် ၁.၅ ဘီလီယံ ထုတ်လုပ်နေပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ မှာ ကလေးသုံးဦးလျှင် နှစ်ဦးက Serum Institute က ထုတ်လုပ်တဲ့ ပိုလီယို၊ ပါးချိတ်ရောင်နာ၊ ဦးနှောက်အမြှေးရောင်နဲ့ ဝက်သက်ကဲ့သို့ ရောဂါကာကွယ်ဆေးများကို ထိုးနှံနေပါတယ်။ Serum Institute ဟာ ပိုင်ရှင်တွေဖြစ်တဲ့ Poonawalla မိသားစုက သားစပ်မွေးမြူရေးခြံအဖြစ် စတင်လုပ်ကိုင်ခဲ့ရာမှ စတင်ခဲ့ပါတယ်။

(Photo: AFP)

Poonawalla မိသားစုက ၁၉၄၆ ခုနှစ်မှာ မြင်းများ စတင်မွေးမြူခဲ့ကြရာမှ နောက်ပိုင်းမှာတော့ တိရိစ္ဆာန်တွေကနေ ထုတ်ယူရရှိပြီး အဆိပ်အတောက်ပြေစေတဲ့ သွေးရည်ကြည်ကို ကာကွယ်ဆေးဖော်စပ်ရန် အသုံးပြုနိုင်ကြောင်း သိရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ထို့နောက် Serum Institute ဟာ ၎င်းရဲ့ဈေးသက်သာပြီး ထိရောက်တဲ့ ဆေးများကြောင့် မကြာမီ ဈေးကွက်ကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။

အသက် ၄၀ နှစ်အရွယ် စီအီးအို Adar Poonawalla က လတ်တလော နှစ်များအတွင်း ကုမ္ပဏီလုပ်ငန်းကို တိုးချဲ့ရန်နဲ့ Pune မြို့ရှိ ကုမ္ပဏီနေရာကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး သုံးခဲ့ပါတယ်။ Adar Poonawalla ရဲ့ ထိုသို့ ရင်းနှီးမြှုပ်နှံမှုရလဒ်က ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားလာချိန် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီရဲ့ တစ်နှစ်တာဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထိ စံချိန်တင်များပြားလာပြီး ကြွေးမြီကင်းရှင်ခဲ့ပါတယ်။

(Photo: AFP)

လက်ရှိမှာလည်း Serum Institute က ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး Covidshield ကို ဘရာဇီးမှ တောင်အာဖရိအထိ နိုင်ငံအများအပြားက ဝယ်ယူလိုနေကြပါတယ်။ Adar Poonawalla ရဲ့ အဆိုအရ ကုမ္ပဏီကထုတ်လုပ်တဲ့ Covidshield ကာကွယ်ဆေးအရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကို အိန္ဒိယဈေးကွက်အတွက် သီးသန့်ချန်ထားမှာ ဖြစ်ပါတယ်။

အိန္ဒိယက COVID-19 ကာကွယ်ဆေးထိုးနှံမှုများ စတင်နေခဲ့ပြီဖြစ်ပြီး ယခုနှစ် ဇူလိုင်လအတွင်း လူဦးရေ သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ရန် ရည်မှန်းထားပါတယ်။ အိန္ဒိယအစိုးရက Serum Institute က ထုတ်လုပ်နေတဲ့ Covidshideld နဲ့ Bharat Biotech က ဖော်စပ်ထုတ်လုပ်တဲ့ Covaxin အမည်ရှိ COVID-19 ကာကွယ်ဆေးနှစ်မျိုးကို အများပြည်သူအား ထိုးနှံပေးနေပါတယ်။

(Photo: AFP)

Serum Institute က ၎င်းတို့ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး သန်း ၂၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ဦးဆောင်နေတဲ့ ဆင်းရဲတဲ့နိုင်ငံများ ကာကွယ်ဆေးရရှိနိုင်ရေး Covax အစီအစဥ်သို့ ပေးသွင်းရန်လည်း စီစဥ်ထားပါတယ်။ အိန္ဒိယနိုင်ငံက Serum Institute က ထုတ်လုပ်တဲ့ Covidshield ကာကွယ်ဆေးတွေကို ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ မြန်မာနိုင်ငံသို့ ပထမအသုတ်များအဖြစ် တင်ပို့ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယရဲ့ တောင်အာရှအိမ်နီးချင်း နိုင်ငံများ၊ လက်တင်အမေရိကန်၊ အာဖရိကနဲ့ ဗဟိုအာရှသို့လည်း Covidshield ကာကွယ်ဆေးများ တင်ပို့သွားရန် စီစဥ်ထားပါတယ်။ Serum Institute မှာ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေရာ ဇန်နဝါရီ ၂၁ ရက်နေ့က ဆောက်လတ်စ အဆောက်အအုံသစ်တစ်ခုမှာ မီးအကြီးအကျယ်လောင်ပြီး လူငါးဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့ပေမဲ့ Serum Institute ရဲ့ Covidshield ကာကွယ်ဆေးထုတ်လုပ်မှုကို ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က