စစ်တပ်က အာဏာချုပ်ကိုင်ထားမှု ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို လာမယ့် မတ်လ ၂၄ ရက်မှာ ပြုလုပ်သွားမယ်လို့ အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂၃ ရက်) ထုတ်ပြန်ကြေညာပါတယ်။

(ရွေးကောက်ပွဲပြုလုပ်ပေးရန် ဘန်ကောက်မှာ ဆန္ဒပြနေစဉ်) (Photo: AFP/Joe Freeman)

အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်မဟာမိတ်များ ဦးဆောင်မှုဖြင့် ပြင်ဆင်ရေးဆွဲစေခဲ့ကာ သက်ဆင်အုပ်စုကို ထိုင်းနိုင်ငံရေးကဏ္ဍကနေ ဖယ်ထုတ်ရန်နဲ့ နိုင်ငံရဲ့ အနာဂတ်ကာလမှာ စစ်တပ်သြဇာလွှမ်းမိုးမှုရှိစေရန် ထိုင်းစစ်တပ်က လုပ်ဆောင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာချုပ်ကိုင်ထားမှု ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီးနောက် ရွေးကောက်ပွဲပြုလုပ်တာလည်း ဖြစ်ပါတယ်။



(စစ်တပ်အာဏာသိမ်းခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ် ပရာယွတ်) (Photo: Reuters)

"မတ်လ ၄ ရက်နေ့က ရွေးကောက်ပွဲနေ့ဖြစ်ပါမယ်" လို့ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက ရွေးကောက်ပွဲရက်သတ်မှတ်ရန် အမိန့်ဒီကရီတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နာရီပိုင်းအကြာမှာ ကော်မရှင်မှတာဝန်ရှိသူက ထိုသို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။

(စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖြုတ်ချခံသည့် ယင်လတ်) (Photo: AFP)

မူလက ထိုင်းရွေးကောက်ပွဲကို ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ပြုလုပ်ရန်စီစဉ်ထားခဲ့ပေမဲ့ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းရဲ့ နန်းတက်ပွဲအခမ်းအနားတွေနဲ့ တိုက်ဆိုင်နေနိုင်တာကြောင့် ရွှေ့ဆိုင်းခဲ့ပါတယ်။ ထိုင်းစစ်တပ်အစိုးရက ၂၀၁၄ ခုနှစ်မှာ ယင်လတ်အစိုးရကို အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကို အကြောင်းပြချက်မျိုးစုံဖြင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ဖူးပြီး ရွေးကောက်ပွဲပြုလုပ်ရန် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ကြောင်း CNA သတင်းက ပြောပါတယ်။

ထိုင်းဥပေဒအရ ရွေးကောက်ပွဲ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ဆန္ဒမဲများပေးအပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ပြု ထုတ်ပြန်ရပြီး လွှတ်တော်အစည်းအဝေးကို ရွေးကောက်ပွဲရလဒ်များ ကြေညာအပြီး ၁၅ ရက်အတွင်း ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး စတင်ရာမှာ ဘုရင်က သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက်ပေးကြောင်း သိရပါတယ်။

(ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း) (Photo: AFP)

ထိုင်းနိုင်ငံမှာ နန်းသက် နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့တဲ့ ဘုရင်ဘူမီဘော ၂၀၁၆ ခုနှစ်မှာ နတ်ရွာစံခဲ့ပြီးနောက် သားဖြစ်သူ အသက် ၆၆ နှစ်အရွယ် မဟာဗာဂျီယာလောင်ကွန်းက ဘုရင်အဖြစ် ထီနန်းဆက်ခံခဲ့ပါတယ်။ သို့သော် လက်ရှိအချိန်အထိ မဟာဗာဂျီယာလောင်ကွန်းက တရားဝင် နန်းတက်ပွဲ မကျင်းပရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က