ပေါက်ကွဲမှုတွေကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ အီစတာဆန်းဒေးနေ့ ပေါက်ကွဲမှုများကြောင့် သေဆုံးသူအရေအတွက်ဟာ ယခင် ထုတ်ပြန်ထားခဲ့တဲ့အတိုင်း မဟုတ်ဘဲ တွက်ချက်မှုအမှားအယွင်းကြောင့် ၁၀၀ ကျော် ပိုများနေခဲ့တယ်လို့ ဆိုပါတယ်။

(သီရိလင်္ကာမှာ လုံခြုံရေးတင်းကျပ်ထားမှု) (Photo: EPA)

ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၅၃ ဦးဖြစ်ကြောင်းနဲ့ ယခင်ထုတ်ပြန်ခဲ့မှုထက် ၁၀၀ ကျော်လျော့နည်းကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ တွက်ချက်မှုအမှားကြောင့် ယခုလို ကွဲလွဲမှုတွေဖြစ်ခဲ့ရတယ်လို့လည်း ၎င်းကဆိုပါတယ်။



ပေါက်ကွဲမှုတွေကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းမှာ သီရိလင်္ကာအစိုးရက ထုတ်ပြန်ထားခဲ့ပါတယ်။ သီရိလင်္ကာမှာ အသေခံဗုံးခွဲသမားတွေက ကိုလံဘိုမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြပါတယ်။ ထိုဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၅၀၀ ခန့်လည်း ဒဏ်ရာရခဲ့ပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း) (Photo: Reuters)

အီစတာဆန်းဒေးနေ့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူအများစုဟာ သီရိလင်္ကာနိုင်ငံသားတွေ ဖြစ်ကြကြောင်းနဲ့ နိုင်ငံခြားသား ၃၅ ဦးထက်မနည်းလည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို အမျိုးသမီးတစ်ဦး အပါအဝင် အသေခံဗုံးခွဲသမား ၉ ဦးက လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သီရိလင်္ကာရဲတပ်ဖွဲ့က စီးနင်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ အလိုရှိသူ ခုနစ်ဦးရဲ့ ဓာတ်ပုံတွေကိုလည်း ဖြန့်ဝေထားပါတယ်။ သီရိလင်္ကာက အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath (NTJ) က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း ပြောထားခဲ့ပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ်တစ်ခုမြင်ကွင်း) (Photo: BBC)

သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကလည်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လက်စားချေ တိုက်ခိုက်ခံရမယ့်အရေးကို စိုးရိမ်ကြောက်ရွံ့နေကြတဲ့ Negombo မြို့နေ မွတ်စလင်မ်ဦးရေ ရာနဲ့ချီပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် တည်နေရာပြမြေပုံ) (Infographic: AFP)

ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကြိုတင်ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ကိုင်တွယ်ဆောင်ရွက်ရန် ပျက်ကွက်မှုအတွက် သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦး ရာထူးကနေ နုတ်ထွက်ကြောင်း ဧပြီ ၂၅ ရက်မှာ ကြေညာပါတယ်။ သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်းအားလုံးမှာ စုရုံးဝတ်ပြုဆုတောင်းမှုတွေကို ဆိုင်းငံ့ထားမယ်လို့ သိရပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က လူ ၇၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က