လတ်တလောနှစ်များအတွင်း တရုတ်မှာ အဆိုးရွားဆုံး စက်မှုလုပ်ငန်း မတော်တဆမှု ဖြစ်ပါတယ်။

တရုတ်အရှေ့ပိုင်းရှိ ဓာတုဗေဒစက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူအရေအတွက်ဟာ မတ်လ ၂၃ ရက် စာရင်းအရ ၆၄ ဦးအထိ မြင့်တက်လာခဲ့ပြီး လတ်တလောနှစ်များအတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံး စက်မှုလုပ်ငန်း မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

ယမန်နေ့ (မတ်လ ၂၁ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းက Yancheng မြို့ စက်မှုဇုန်ရှိ ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူ ၆၀၀ ကျော်ဟာ ဆေးကုသမှုခံယူနေရတယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့က Weibo မှာ ပြောခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူ ၂၈ ဦးထက်မနည်း ပျောက်ဆုံးနေပြီး အမျိုးသားတစ်ဦးကိုတော့ အပျက်အစီးများထဲမှ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။



ဆေးကုသမှုခံယူနေရသူတွေအနက် ၂၁ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အြခေအနေဖြစ်ပြီး ၇၃ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Jiangsu ပြည်နယ်မှာရှိတဲ့ ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၃၀ ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပေါက်ကွဲမှုဖြစ်ပွားတဲ့နေ့မှာ ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP)

Tianjiayi Chemical ကုမ္ပဏီပိုင် ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်ခဲ့ပြီး မြေငလျင်အသေစားတစ်ခု လှုပ်ခတ်ခဲ့ပြီး အနီးအနားရှိ အခြား စက်ရုံအဆောက်အအုံနဲ့ နေအိမ်များရဲ့ ပြတင်းပေါက်မှန်တွေ ကွဲသွားခဲ့ပါတယ်။

"တစ်နေ့နေ့ ဒီလို ပေါက်ကွဲလိမ့်မယ်လို့ ကျွန်မတို့ သိထားခဲ့ပါတယ်" လို့ အသက် ၆၀ နှစ်အရွယ် Xiang လို့ မျိုးရိုးအမည်ရှိတဲ့ အမျိုးသမီးကြီးက ပြောပါတယ်။ အဆိုပါ စက်ရုံနေရာမှာ ဘေးကင်းလုံခြုံမှုနဲ့ လေထုညစ်ညမ်းမှု ကိစ္စအပေါ် ကာလရှည်ကြာ စိုးရိမ်စိတ်ရှိနေခဲ့တယ်လို့လည်း သူမကဆိုပါတယ်။

(Photo: CGTN)

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒစက်ရုံနေရာမှာ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို စေလွှတ်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ စက်မှုဇုန်နေရာကနေ လူ ၃,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့မှုကို ယမန်နေ့ ညလုံးပေါက် ငြှိမ်းသတ်ခဲ့ရပြီး ယခုအခါမှာ မီးငြိမ်းသွားပြီလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ စက်ရုံရဲ့ ဓာတုဗေဒပစ္စည်း သိုလှောင်ကန်သုံးခုနဲ့ အခြား နေရာငါးခုမှာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အရေအတွက် အတိအကျ မသိရသေးတဲ့ လူအချို့ကို ဖမ်းဆီးထားပါတယ်။

(Photo: AFP)

ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဓာတုဗေဒစက်ရုံကို တည်ဆောက်ပိုင်ဆိုင်တဲ့ Tianjiayi Chemical ကုမ္ပဏီကို ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်း ၁၉၅ ဦးရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေရဲ့ အဆိုအရ Jiangsu ပြည်နယ် အခြေစိုက် အဆိုပါ ကုမ္ပဏီက မီးလောင်လွယ်တဲ့ Anisole အပါအဝင် ဓာတုဗေဒကုန်ကြမ်းများ အဓိက ထုတ်လုပ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် စက်မှုလုပ်ငန်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း တရုတ်မြောက်ပိုင်း Zhangjiakou မြို့ရှိ ဓာတုဗေဒစက်ရုံတစ်ရုံရဲ့ ဝင်ပေါက်နေရာမှာ ဓာတုဗေဒပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂၃ ဦး သေဆုံးကာ အခြား ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ Zhangjiakou မြို့ဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမယ့် နေရာလည်းဖြစ်ပါတယ်။

(Photo: AFP)

ထို့အတူ ယမန်နှစ် ဇူလိုင်လမှာလည်း တရုတ်အနောက်တောင်ပိုင်း Sichuan ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး ၁၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ဓာုဗေဒစက်ရုံ အဆောက်အအုံကို သက်ဆိုင်ရာ ကုမ္ပဏီက ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေ စစ်ဆေးမှုခံယူခဲ့ခြင်းမရှိဘဲ ဆောက်လုပ်ထားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က တရုတ်မြောက်ပိုင်းမှာ ဆိပ်ကမ်းမြို့ Tianjin မှာ ဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒပစ္စည်းဂိုထောင် ပေါက်ကွဲမှုမှာတော့ လူ ၁၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က