ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်မှန်များ ကွဲသွားခဲ့ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓာတုဗေဒစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဓာတုဗေဒစက်ရုံမှာ ယနေ့ (မတ်လ ၂၁ ရက်) ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း လူ ၁၂ ဦး သေဆုံပြီး ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: Twitter/Darren.Liu/流浪汉)

Jiangsu ပြည်နယ် Yancheng မြို့ စက်မှုဇုန်ရှိ Tianjiayi Chemical ကုမ္ပဏီပိုင် ဓာတုဗေဒစက်ရုံမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်မှန်များ ကွဲသွားခဲ့ကြောင်းလည်း သိရပါတယ်။



ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန်မှာ အဆိုပါစက်ရုံအနီးရှိ Lianyungang မြို့မှာ ပြင်းအား ရစ်ချ်တာစကေး ၂.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တိုင်းတာသိရှိရတယ်လို့ တရုတ် ငလျင်ဆိုင်ရာဌာနက ပြောပါတယ်။

(Photo: Getty Images)

ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမီးလောင်မှုဖြစ်ပြီးနောက် မီးသတ်ကား ၈၆ စီးနဲ့ မီးသတ်သမား ၃၈၆ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး လူ ၃၁ ဦးကို ကယ်တင်နိုင်ခဲ့လို့ Jingsu မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အစိုးရပိုင် Beijing News က တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပြီး ဓာတုဗေဒစက်ရုံ ခေါင်မိုးနေရာမှာ မီးတောက်ကြီးကို တွေ့ခဲ့ရပါတယ်။

(Photo: Getty Images)

Weibo မှာတင်ထားတဲ့ အခြား ဓာတ်ပုံ၊ ဗီဒီယိုတွေမှာလည်း စက်ရုံအဆောက်အအုံမှ ကြီးမားတဲ့ မီးခိုးလုံးကြီးထွက်ရှိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် စက်မှုလုပ်ငန်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း တရုတ်မြောက်ပိုင်း Zhangjiakou မြို့ရှိ ဓာတုဗေဒစက်ရုံတစ်ရုံရဲ့ ဝင်ပေါက်နေရာမှာ ဓာတုဗေဒပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂၃ ဦး သေဆုံးကာ အခြား ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ Zhangjiakou မြို့ဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမယ့် နေရာလည်းဖြစ်ပါတယ်။

(Photo: CGTN)

ထို့အတူ ယမန်နှစ် ဇူလိုင်လမှာလည်း တရုတ်အနောက်တောင်ပိုင်း Sichuan ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး ၁၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ဓာုဗေဒစက်ရုံ အဆောက်အအုံကို သက်ဆိုင်ရာ ကုမ္ပဏီက ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေ စစ်ဆေးမှုခံယူခဲ့ခြင်းမရှိဘဲ ဆောက်လုပ်ထားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က တရုတ်မြောက်ပိုင်းမှာ ဆိပ်ကမ်းမြို့ Tianjin မှာ ဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒပစ္စည်းဂိုထောင် ပေါက်ကွဲမှုမှာတော့ လူ ၁၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နောက်ဆက်တွဲသတင်း ဖတ်ရှုရန်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က