မော်စကိုနဲ့ စိန့်ပီတာစဘတ်တို့မှာ ကာကွယ်ဆေးစီမံကိန်းကို တစ်ပြိုင်နက် လုပ်ဆောင်နေကြပါတယ်။

ရုရှားနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နေမှု အခြေအနေ တိုးတက်လျက်ရှိကြောင်း မတ်လ ၂၃ ရက်နေ့က သတင်းထွက်ပေါ်လာပါတယ်။

(Photo: Moscow Department of Нealth/Sputnik)

Russian Federal Biological Medical Agency (FMBA) ရဲ့ အကြီးအကဲ Veronika Skvortsova က COVID-19 ကာကွယ်ဆေးကို ရုရှားနိုင်ငံရဲ့ လာမယ့် ဆောင်းရာသီကုန် (ဖေဖေါ်ဝါရီလ) မှာ ရရှိနိုင်ကောင်းတယ်လို့ ကြေညာခဲ့ပါတယ်။ FMBA ရဲ့ အဖွဲ့နှစ်ဖွဲ့က မော်စကိုမြို့နဲ့ စိန့်ပီတာစဘတ်မြို့တို့မှာ ကာကွယ်ဆေးစီမံကိန်းကို တစ်ပြိုင်နက် လုပ်ဆောင်နေကြပါတယ်။



"ကာကွယ်ဆေးထုတ်လုပ်မှု အခြေအနေကို ပြောချင်ပါတယ်၊ ကာကွယ်ဆေးထုတ်လုပ်မှုဟာ ပထမအဆင့် အောင်မြင်သွားပါပြီ" လို့ Veronika Skvortsova က TASS သတင်းဌာနကို ပြောခဲ့ပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှုနဲ့ တီထွင်ထုတ်လုပ်မှု အဆင့်အားလုံးဟာ ဇွန်လအတွင်း ပြီးမြောက်မှာဖြစ်ပြီး ကာကွယ်ဆေးအသုံးပြုရန် ပြင်ဆင်မှုကတော့ လာမယ့် ဆောင်းရာသီကုန်ခါနီးဝန်းကျင်မှာ အပြီးသတ်မယ်လို့ မျှော်လင့်ထားကြောင်း သူမက ဆိုပါတယ်။

(Photo: Andreas Gebert/Reuters)

FMBA ဟာ ရုရှားမှာ အများပြည်သူကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန်ဆောင်ရွက်နေပြီ အထူးသဖြင့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးကို တာဝန်ယူထားပါတယ်။ Veronika Skvortsova ဟာ ရုရှားကျန်းမာရေးဝန်ကြီးအဖြစ် ရှစ်နှစ်ကြာ တာဝန်ယူခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှာ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

သူမဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Heald Organization - WHO) ရဲ့ ၇၀ ဦးမြောက် ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ရုရှားနိုင်ငံမှာ မတ်လ ၂၄ ရက် ညနေပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃၈ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာလာသူ အရေတွက် ၂၀ ဦးဖြစ်ကြောင်း သိရပါတယ်။

(Photo: Alexei Danichev/Sputnik)

ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၉,၁၆၈ ဦးနဲ့ သေဆုံးသူ ၁၆,၂၈၄ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၀၀,၉၅၈ ဦးဖြစ်ကြောင်း သိရပါတယ်။ COVID-19 ဆက်စပ်သတင်းတွေအရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်နဲ့ တရုတ်က ကာကွယ်ဆေးကို လူတွေမှာ ထိုးနှံစမ်းသပ်မှုတွေ စတင်ခဲ့တယ်လို့လည်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး ၂၀ ထက်မနည်း တီထွင်ထုတ်လုပ်ရန် လုပ်ဆောင်နေကြကြောင်း WHO အကြီးအကဲက ပြောထားပါတယ်။

Share

Loading Next Article...
က္က