အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ယခုလအတွင်း တင်းမာမှုများ မြင့်တက်နေခဲ့ပါတယ်။

အီရန်တပ်ဖွဲ့တွေရဲ့ ဆက်လက်ရှိနေဆဲ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် အမေရိကန်က အရှေ့အလယ်ပိုင်းသို့ နောက်ထပ် တပ်ဖွဲ့ဝင် ၁,၅၀၀ စေလွှတ်သွားမယ်လို့ ခေတ္တ ကာကွယ်ရေးဝန်ကြီးက သောကြာနေ့ (မေ ၂၄ ရက်) မှာ ကြေညာပြောကြားလိုက်ပါတယ်။

(ပင်လယ်ကွေ့ရှိ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော USS Abraham Lincoln) (Photo: AFP)

အမေရိကန်လွှတ်တော်ကို တပ်ဖွဲ့ဝင်များ စေလွှတ်မယ့် အစီအစဉ်တွေ အသိပေးထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ တိုက်လေယာဉ်များ၊ လက်နက်များနဲ့ တပ်ဖွဲ့ဝင် ၁,၅၀၀ ကို အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ချထားမှာဖြစ်ကြောင်း ခေတ္တ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန်က ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မယ်လို့ မေ ၂၄ ရက် အစောပိုင်းမှာ ကြေညာထားခဲ့ကြောင်း သိရပါတယ်။ ယခု တပ်ဖွဲ့ဝင်များ စေလွှတ်မှုဟာ အခြား နေရာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက အရေအတွက်နည်းကြောင်းလည်း ထရန့်က ပြောခဲ့ပါတယ်။

(၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က အီရတ်မှာ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည့် ထရန့်) (Photo: Reuters)

အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ယခုလအတွင်း တင်းမာမှုများ မြင့်တက်နေခဲ့ပြီးနောက် အမေရိကန်က ပင်လယ်ကွေ့ဒေသသို့ USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘော တိုက်ခိုက်ရေးအုပ်စု၊ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့၊ ကုန်း ရေနှစ်သွယ် စစ်ဆင်တိုက်ခိုက်နိုင်တဲ့ USS Arlington စစ်သင်္ဘောတို့ကို စေလွှတ်ထားပြီး ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပို့ဆောင်ထားပြီးဖြစ်ပါတယ်။

ယခုအခါမှာတော့ အမေရိကန်က နောက်ထပ် တပ်ဖွဲ့ဝင် ၁,၅၀၀ ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ သက်ဆိုင်ရာ တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်မှူးထံမှ နောက်ထပ် တပ်ဖွဲ့ဝင်များ တောင်းခံမှုကို ခွင့်ပြုခဲ့ကြောင်း ခေတ္တ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

(လေယာဉ်တင်စစ်သင်္ဘောပေါ်မှ ပျံတက်သွားသည့် F/A-18F Super Hornet တိုက်လေယာဉ်) (Photo: Reuters)

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ခြိမ်းခြောက်မှုတွေရှိနေဆဲဖြစ်ရာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးရန်အတွက် လိုအပ်တဲ့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ်ခြင်းဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ IRGC တပ်ဖွဲ့ဟာ အီရန်မှာ အထူးတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်း အမေရိကန်က IRGC ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က