နျူကလီးယားလက်နက် ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။

ပါကစ္စတန်က ပစ်ချလိုက်တဲ့ အိန္ဒိယတိုက်လေယာဉ်မှ လေယာဉ်မှူးကို သောကြောနေ့ (မတ်လ ၁ ရက်) မှာ ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်းက ငြိမ်းချမ်းရေးလိုလားကြောင်း ပြသမှုအဖြစ် ဖမ်းဆီးထားတဲ့ အိန္ဒိယတိုက်လေယာဉ်မှူးကို ပြန်လွှတ်ပေးမယ်လို့ အစ္စလာမာဘတ်မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးအတွင်း ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) ပြောခဲ့တာဖြစ်ပါတယ်။

(ပါကစ္စတန်ဘက်မှာ ပျက်ကျခဲ့သည့် အိန္ဒိယတိုက်လေယာဉ်) (Photo: AFP)

လွှတ်တော်ကလည်း ဝန်ကြီးချုပ်ခန်းရဲ့ ထုတ်ပြန်ပြောကြားကို ထောက်ခံအတည်ပြုခဲ့ပြီး အိမ်နီးချင်း နှစ်နိုင်ငံကြား အန္တရာယ်ရှိတဲ့ လတ်တလော တင်းမာမှုတွေကို လျှော့ချနိုင်မယ့် ပထမဆုံး လက္ခဏာလို့လည်း ဆိုနိုင်ပါတယ်။ ပါကစ္စတန်က ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) မှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ပြီး ၎င်းတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေထဲမှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်မှ လေယာဉ်မှူး Abhinandan Varthaman ကို ဖမ်းဆီးထားခဲ့ပါတယ်။



နောက်ထပ် ပစ်ချခံရတဲ့ အိန္ဒိယတိုက်လေယာဉ်တစ်စီးကတော့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်ြမေထဲမှာ ပျက်ကျခဲ့ပါတယ်။ အိန္ဒိယတိုက်လေယာဉ်နှစ်စီး ပစ်ချခံရကာ လေယာဉ်မှူးတစ်ဦးကို ပါကစ္စတန်က ဖမ်းဆီးထားခဲ့ပြီးနောက် နျူကလီးယားလက်နက် ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေလည်း မြင့်တက်ခဲ့ပါတယ်။
(ပါကစ္စတန်က ဖမ်းဆီးခဲ့သည့် အိန္ဒိယတိုက်လေယာဉ်မှူး) (Photo: Reuters)

ယမန်နေ့နဲ့ ယနေ့ မနက်အစောပိုင်းတို့မှာ ကက်ရှ်မီးယားဒေသ နယ်စပ်တစ်လျှောက်မှာ အမြောက်များ၊ သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ပါကစ္စတန်က ၎င်းရဲ့ လေပိုင်နက်ကို ပိတ်ပင်ထားလိုက်ပါတယ်။

လတ်တလော ပေါ်ပေါက်နေတဲ့ နှစ်နိုင်ငံကြား တင်းမာမှုတွေကိုလျှော့ချပြီး အခြေအနေကို ထိန်းသိမ်းကြရန် အမေရိကန်၊ တရုတ်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တိုက်တွန်းခဲ့ကြပါတယ်။ ယခုအခါမှာတော့ ပါကစ္စတန်ဘက်က တင်းမာမှုတွေလျှော့ချရန် ဆောင်ရွက်မှုအဖြစ် အိန္ဒိယတိုက်လေယာဉ်မှူးကို ပြန်လွှတ်ပေးရန် စီစဉ်လာခဲ့တယ်လို့ ဆိုပါတယ်။

(ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း) (Photo: Business Recorder)

ပါကစ္စတန်ရဲ့ ယခုဆောင်ရွက်မှုကို အိန္ဒိယစစ်တပ်က ကြိုဆိုခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ ဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယလေတပ်အရာရှိတွေက တိုက်လေယာဉ်မှူး ပြန်လည်လွှတ်မြောက်လာမယ့်အတွက် အလွန်အလွန့် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နှစ်ကြိမ်က ကက်ရှ်မီးယားအရေးနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

(အိန္ဒိယတိုက်လေယာဉ်ကို ပစ်ချပြီးနောက် လေယာဉ်မှူးကို ဖမ်းဆီးခဲ့စဉ်) (Photo: AFP)

အန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်မှာ ခြေကုပ်ရယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ပြောခဲ့ပါတယ်။ ထို့နောက် အိန္ဒိယက ယခုသီတင်းပတ်အတွင်းမှာ ပါကစ္စတန်ပိုင်နက်အတွင်း နယ်စပ်အနီးရှိ Balakot မြို့ငယ်တဝိုက်မှ JeM အုပ်စုရဲ့စခန်းတွေကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

(အိန္ဒိယနဲ့ပါကစ္စတန်ကြား တင်းမာမှုမြင့်တက်စေခဲ့သည့် ဖြစ်ရပ်များ နေရာပြမြေပုံ) (Map: Daily Mail)

JeM စခန်းကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယကပြောခဲ့ပြီး ပါကစ္စတန်ကတော့ ထိုသို့တိုက်ခိုက်မှုဟာ အဆင်အခြင်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ကာ တုံ့ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။ ထို့နောက် ယမန်နေ့မှာတော့ ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့တာလည်း ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က