ဗြိတိန်နိုင်ငံရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်မှုကို ကြာသပတေးနေ့ (ဇူလိုင် ၂၅ ရက်) က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဗြိတိန်မိုးလေဝသဌာန (Met Office) က အတည်ပြုထုတ်ပြန်ပါတယ်။
(Photo: PA)
ကိန်းဘရစ်ချ်တက္ကသိုလ် ရုက္ခဗေဒဥယျာဉ် (Cambridge University Botanic Garden) မှာ ထိုနေ့က အပူချိန် ၃၈.၇ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ကြောင်း တိုင်းတာသိရှိခဲ့ရပါတယ်။ ထိုအပူချိန်ဟာ ၂၀၀၃ ခုနှစ်က Kent ဒေသမှာ ၃၈.၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် ဗြိတိန်ရဲ့ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်ထားမှုကို ကျော်လွန်သွားခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း Met Office က ယမန်နေ့ (ဇူလိုင် ၂၉ ရက်) မှာ အတည်ပြုပါတယ်။
(Photo: CUBG)
Met Office က ဇူလိုင် ၂၅ ရက်မှာ တိုင်းတာသိရှိခဲ့တဲ့ အပူချိန်ကို စံချိန်သစ်ကို အတည်မပြုမီ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို စေလွှတ်ကာ အပူချိန်တိုင်းတာကိရိယာကို စစ်ဆေးစေခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ကိန်းဘရစ်ချ်တက္ကသိုလ် ရုက္ခဗေဒဥယျာဉ်မှာ အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းတစ်ဦးက အရည်ပျော်မတတ် အပူဒဏ်ခံခဲ့ရကြောင်း ဇူလိုင် ၂၅ ရက်နေ့က Twitter မှာ ပြောထားပါတယ်။ အဆိုပါ ရုက္ခဗေဒဥယျာဉ်မှာ နေ့စဉ် အပူချိန်တွေကို ၁၉၀၄ ခုနှစ်ကတည်းက မှတ်တမ်းတင်လာခဲ့ကြောင်းလည်း သိရပါတယ်။
(Photo: Joe Giddens)
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပ အလယ်ပိုင်းနဲ့ အနောက်ပိုင်းနေရာတွေမှာ အပူလှိုင်းကျရောက်မှုကြောင့် ဗြိတိန် အပါအဝင် ဘယ်လ်ဂျီယံ၊ ဂျာမနီနဲ့ နယ်သာလန်တို့မှာ အမြင့်ဆုံးအပူချိန်များ စံချိန်သစ်တင်ခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာလည်း ဇူလိုင် ၂၅ ရက်နေ့က ထိုမြို့ရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး အပူချိန် ၄၂.၆ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
(Source and Map: Met Office/BBC)
အပူချိန်များ မကြုံစဖူး မြင့်တက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း အမေရိကန်နိုင်ငံ အလယ်တစ်ကြောနဲ့ နယူးယော့ခ်၊ ဝါရှင်တန်၊ အရှေ့ဘက်ကမ်းရိုတန်းရှိ ဘော်စတွန်တို့မှာ အပူလှိုင်းကျရောက်ပြီး လူဦးရေ သန်း ၂၀၀ အထိ အပူချိန်မြင့်တက်မှု ကြုံရနိုင်တယ်လို့ သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။