ဥရောပအနောက်ပိုင်းမှာ အပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ဥရောပအနောက်ပိုင်းမှာ အပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်ပေါ်နေပြီး ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဇူလိုင် ၂၅ ရက်နေ့က အပူချိန် ၄၂.၆ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ကာ ထိုမြို့ရဲ့ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: Reuters)

ပြင်သစ်မြောက်ပိုင်းမှာ အပူဒဏ်အန္တရာယ် သတိပေးချက်ကို အနီရောင်အဆင့် ထုတ်ပြန်ထားပါတယ်။ ပြင်သစ်တစ်နိုင်ငံလုံး အတိုင်းအတာအရ အပူချိန် စံချိန်တင်မြင့်တက်မှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်မှာ ကြုံခဲ့ရပြီး ထိုစဉ်က နိုင်ငံတောင်ပိုင်း Gallargues-le-Montueux ဒေသမှာ အပူချိန် ၄၅.၉ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ဇူလိုင် ၂၄ ရက်နေ့က စံချိန်တင်ခဲ့တဲ့ အပူချိန်ကို ၄၀.၅ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်ပြီး ၄၁.၅ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ကာ နောက်ထပ် အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်မှာလည်း အပူချိန်ဟာ ဇူလိုင်လအတွက် အမြင့်ဆုံးအဖြစ် ၃၈.၁ ဒီဂရီဆဲလ်စီးယပ်သို့ စံချိန်တင်မြင့်တက်ခဲ့ပြီး သံလမ်းများ ကွေးကောက်မှုမဖြစ်စေရန် ရထားများကို အရှိန်လျှော့ချ ခုတ်မောင်းစေရန် ညွှန်ကြားထားတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(Photo: AP)

နယ်သာလန်မှာလည်း ဇူလိုင် ၂၄ ရက်နေ့က စံချိန်သစ်တင်ထားခဲ့တဲ့ ၃၉.၃ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်ပြီး ၄၀.၇ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိကာ နောက်ထပ် အပူချိန် စံချိန်သစ်တင်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုက ဥရောပတစ်ဝှမ်းမှာ ပြင်းထန်တဲ့ အပူလှိုင်းကျရောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နိုင်ခြေကို မြ့င်တက်စေကြောင်း ဗြိတိန် မိုးလေဝသဌာနက ပြောခဲ့ပါတယ်။

ပြင်သစ်မှာ ပါရီဒေသနဲ့ အခြား နေရာဒေသ ၁၉ ခုမှာ အပူချိန်မြင့်တက်နိုင်မှုအတွက် အနီရောင်အဆင့်ဖြစ် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပြီး နိုင်ငံရဲ့နေရာဒေသတွေမှာ အပူချိန်ဟာ ၄၂ မှ ၄၃ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်ကြောင်း ပြောထားပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ အဆိုအရ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၄ ရက်) ညဟာ ပြင်သစ်မှာ အပူဆုံးဖြစ်ခဲ့ပုံရကြောင်းလည်း သိရပါတယ်။

(Photo: AP)

ဘယ်လ်ဂျီယံမှာလည်း နိုင်ငံတစ်ဝှမ်း အပူချိန်မြင့်တက်မှု အန္တရာယ်သတိပေးချက်ကို အနီရောင်အဆင့် ထုတ်ပြန်ထားပြီး အပူချိန်များ အလွန်အမင်း မြင့်တက်နေစဉ် အထူးသတိပြုနေထိုင်ကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ထို့အတူ လူဇင်ဘတ်မှာလည်း နိုင်ငံတောင်ပိုင်းနဲ့ မြို့တော်မှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ကို ယမန်နေ့ (ဇူလိုင် ၂၄ ရက်) က ကျော်လွန်မြင့်တက်နိုင်တာကြောင့် အပူဒဏ်အန္တရာယ် သတိပေးချက်ကို အနီရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

အပူချိန်များ မကြုံစဖူး မြင့်တက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း အမေရိကန်နိုင်ငံ အလယ်တစ်ကြောနဲ့ နယူးယော့ခ်၊ ဝါရှင်တန်၊ အရှေ့ဘက်ကမ်းရိုတန်းရှိ ဘော်စတွန်တို့မှာ အပူလှိုင်းကျရောက်ပြီး လူဦးရေ သန်း ၂၀၀ အထိ အပူချိန်မြင့်တက်မှု ကြုံရနိုင်တယ်လို့ သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က