မီဒီယာများနဲ့ တွေ့ဆုံခဲ့ပြီး ဂူအတွင်းမှ အတွေ့အကြုံကို ပြောခဲ့ကြပါတယ်။

မြန်မာနဲ့ထိုင်းနယ်စပ်အနီး မယ်ဆိုင်မြို့ဧရိယာရှိ ဂူထဲမှာ ပိတ်မိနေခဲ့ကြပြီးနောက် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ယနေ့ (ဇူလိုင် ၁၈ ရက်) ဆေးရုံမှဆင်းနိုင်ခဲ့ပြီဖြစ်ကာ ညနေပိုင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

Photo: Reuters



ဆေးရုံကနေ အိမ်ပြန်နိုင်ခဲ့ပြီဖြစ်တဲ့ လူငယ်အုပ်စုက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး ဂူအတွင်းမှ အတွေ့အကြုံကို ပြောခဲ့ကြပါတယ်။ ဂူထဲမှာပိတ်မိခဲ့တဲ့ လူငယ်အုပ်စုမှာ ပါဝင်ခဲ့ပြီး အင်္ဂလိပ်စကား ပြောနိုင်တဲ့ မြန်မာနိုငံဖွား အသက် ၁၄ နှစ်အရွယ် အဒူလ်က "ဒါက အံ့သြဖွယ်ဖြစ်ရပ်တစ်ခုပါ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo: EPA

အဒူလ်က ၎င်းတို့ပိတ်မိနေတဲ့ ဂူအတွင်းနေရာမှာ နိုင်ငံခြားသားနှစ်ယောက်ကို တွေ့ခဲ့ရတာကြောင့် အံ့သြမှင်သက်ခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြန်ပြောခဲ့ပါတယ်။ "သူတို့က အင်္ဂလိပ်တွေဖြစ်နေတာတွေ့ရတော့ ကျွန်တော် မယုံနိုင်အောင် အံ့သြသွားခဲ့ပြီး hello လို့ နှုတ်ဆက်လိုက်တာပါ" လို့ အဒူလ်ကဆိုပါတယ်။၎င်းတို့အုပ်စုကို ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ရှာတွေ့ခဲ့စဉ် အမှန်တစ်ကယ် မဟုတ်ဘူးလို့ပင် ထင်ခဲ့ကြတယ်လို့လည်း လူငယ်လေးတွေက ပြောပါတယ်။

Photo: EPA

တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ဂူထဲကနေ ၎င်းတို့ကို ကယ်ထုတ်ခဲ့ပြီးနောက် ယနေ့ညနေပိုင်းမှာ ပထမဆုံးအကြိမ် အများပြည်သူမြင်ကွင်းကို ထွက်ပေါ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ မယ်ဆိုင်ရှိ Tham Laung ဂူထဲကို ဝင်ရောက်သွားခဲ့ကြစဉ် မည်သည့် အစားအစာကိုမျှ ယူဆောင်သွားခဲ့ကြခြင်း မရှိကြောင်း တောဝက်ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ Ekkapol Chantawong က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂူထဲမှာ ပိတ်မိနေခဲ့ကြစဉ် ကျောက်စက်ပန်းဆွဲတွေကနေ စီးကျလာတဲ့ ရေသောက်ပြီးနေခဲ့ကြတယ်လို့ လူငယ်အုပ်စုမှ အခြားတစ်ဦးက ၎င်းတို့ရဲ့ အတွေ့အကြုံကို ဖွင့်ဟခဲ့ပါတယ်။

Photo: Thai Navy Seal

"အာဏာပိုင်တွေ ကယ်ထုတ်မယ့်အချိန်ကိုပဲ မစောင့်နိုင်ဘူးလို့ တွေးခဲ့ကြပြီး ကျွန်တော်တို့ ဂူထဲကနေ အပြင်ထွက်နိုင်ဖို့တူးဆွပြီး ကြိုးစားခဲ့ကြတယ်၊ နောက်တော့ ကျွန်တော်တို့ ပင်ပန်းလာခဲ့ပြီး ရပ်ခဲ့ကြတယ်၊ ကျွန်တော်တို့ ဗိုက်ပြည့်ဖို့အတွက် ရေသောက်ပြီးနေခဲ့ကြတယ်" လို့ နည်းပြ Ekkapol က ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲကို ရောက်လာကြတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုက ဘောလုံးအသင်းအင်္ကျီများ ဝတ်ဆင်ထားကြပါတယ်။

Photo: AP Live Feed

၎င်းတို့က သတင်းစာရှင်းလင်းပွဲ မစတင်မီ စင်မြင့်ရှေ့မှာ ပြင်ဆင်ထားတဲ့ အသေးစား ယာယီဘောလုံးကွင်းမှာ မိနစ်အနည်းငယ်ကြာ ဘောလုံးကစားခဲ့ကြပါတယ်။ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့ကြတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အားလုံးဟာ ပြုံးရွှင်နေကြပြီး ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ် အရွယ် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Laung ဂူထဲကိုဝင်ရောက်ခဲ့ကြရာမှ ဂူအတွင်း ရေကြီးလာမှုကြောင့် ပိတ်မိခဲ့ကြပါတယ်။

Photo: AFP/Getty Images

ဂူထဲဝင်ပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ လူငယ်အုပ်စုကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲမှ ပြန်ကယ်ထုတ်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြပါတယ်။ထိုင်းရေတပ် အထူးတပ်ဖွဲ့မှ ရေငုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်း ရေငုပ်သမားတွေက လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ကယ်ထုတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့စဉ် ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမားတစ်ဦး ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

Photo: AFP

လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။ ၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။Tham Laung ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ ကလေးတစ်ဦးနဲ့ နည်းပြဖြစ်သူတို့ဟာ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦး အပါအဝင် ဂူထဲမှကယ်ထုတ်နိုင်ခဲ့တဲ့ လူငယ်အုပ်စုမှ စုစပေါင်း ၄ ဦးဟာ နိုင်ငံမဲ့ဖြစ်နေပြီး ၎င်းတို့ကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် စိစစ်နေတယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က