လေထဲမှတစ်ဆင့် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှု ရှားပါးဖြစ်ရပ်လို့ ဆိုပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ အောက်တိုဘာ ၅ ရက်နေ့က ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ ပညာပေးလမ်းညွှန်ချက်အတွင်း COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ကြောင်း ပြောကြားထားပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) ဟာ COVID-19 ဟာ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်း ပြင်ဆင်ဖြည့်စွက်ထားတဲ့ ပညာပေးလမ်းညွှန်ချက် မူကြမ်းတစ်ခုကို ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့သေးပြီး နောက်ပိုင်းမှာ ပြန်ဖြုတ်ချခဲ့ပါတယ်။



ထိုမူကြမ်းကို မှားယွင်းပြီး ထုတ်ပြန်မိခဲ့ကြောင်း အမေရိကန် CDC က ဆိုပါတယ်။ ယမန်နေ့မှာတော့ အမေရိကန် CDC က လေထဲမှတစ်ဆင့် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှု ရှားပါးဖြစ်ရပ် ဖြစ်နေဆဲဖြစ်ပြီး ချောင်းဆိုခြင်း၊ နှာချေခြင်းနဲ့ စကားပြောခြင်းမှထွက်လာတဲ့ ပိုမိုကြီးမားတဲ့ အရည်အစက်များက ကူးစက်မှု အဓိကရင်းမြစ် ဖြစ်နေဆဲလို့ ဆိုပါတယ်။

အမေရိကန် CDC ရဲ့ ပညာပေးလမ်းညွှန်ချက်အသစ်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ တစ်ခါတရံ နာရီနဲ့ချီ ကြာမြင့်စွာရှိနေတဲ့ အမှုန်အမွှားလေးများမှတစ်ဆင့် ကူးစက်နိုင်ကြောင်း ပြောထားပါတယ်။ ကူးစက်ခံရသူနဲ့ ပိုမိုနီးကပ်ပြီး အချိန်ပိုကြာကြာရှိနေခြင်းက ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ပိုမြင့်မားကြောင်း အမေရိကန် CDC က သတိပေးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ COVID-19 မည်သို့ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အထောက်အထားအသစ် မသိရှိထားကြောင်း၊ အချို အခြေအနေတွေမှာ လေမှတစ်ဆင့် ကူးစက်နိုင်ခြေရှိကြောင်းကို သဘောတူလက်ခံတယ်လို့ ထိုစဥ်က ပြောခဲ့ပါတယ်။

COVID-19 ရှိနေသူတွေထံမှ ၆ ပေထက်ကျော်တဲ့ အကွာအ‌‌ဝေးရှိ အခြားသူများထံ ကူးစက်သွားခဲ့တဲ့ နမူနာအချို့ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အစောပိုင်းမှာ COVID-19 ကူးစက်ခံသူတစ်ဦး မိနစ်ပိုင်း သို့မဟုတ် နာရီပိုင်းအကြာ ရှိနေခဲ့တဲ့နေရာရဲ့ လေထုထဲကနေ အခြားသူများထံ ကူးစက်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အထောက်အထားရှိလာခြင်းကို WHO လက်ခံ

"အခြားသူတွေနဲ့ အနည်းဆုံး ၆ ပေအကွာမှာနေခြင်း၊ ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစေရန် mask တပ်ခြင်း၊ မကြာမကြာ လက်ဆေးခြင်း၊ ထိတွေ့မှုရှိတဲ့ မျက်နှာပြင်တွေကို မကြာခဏ သန့်စင်ခြင်းနဲ့ နေမကောင်းပါက အိမ်မှာနေခြင်းတို့ဖြင့် COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြောင်း" အမေရိကန် CDC က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က