In partnership with  logo
ဒီလိုကာလမှာ ပိုပြီးသိထားသင့်ပါတယ်။

ဒီလိုကိုဗစ်ကာလမှာ အလုပ်ကနေ ရပ်နားခံရတဲ့ ဝန်ထမ်းတွေ၊ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေ တော်တော်များများ ရှိနေပါတယ်။ အလုပ်ကနေပြစ်ချက်မရှိဘဲ အလုပ်ရပ်နားခံရတဲ့အခါမှာ ဒါမှမဟုတ် လုပ်ငန်းဆက်လက် မလည်ပတ်နိုင်တော့တဲ့အတွက် အလုပ်ကရပ်စဲလိုက်တဲ့အခါ ဘယ်လို နစ်နာကြေးတွေ ရရှိခွင့်ရှိသလဲဆိုတာကို ဝန်ထမ်းတိုင်း သိထားသင့်ပါတယ်။ဘယ်လိုအခြေအနေမှာ နစ်နာကြေးမရနိုင်ဘဲ ဘယ်လိုအခြေအနေမှာ ဘယ်လောက်နစ်နာကြေးတွေ ရရှိသင့်သလဲဆိုတာကို အသေးစိတ်ပြောပြပေးချင်ပါတယ်။



ဝန်ထမ်းရဲ့ သဘောဆန္ဒအရ အလုပ်ကနေ နှုတ်ထွက်လိုခြင်း

အလုပ်ကနေ ဝန်ထမ်းကို ရပ်စဲတာမျိုးမဟုတ်ဘဲ ဝန်ထမ်းကနေ မိမိသ‌ေဘာဆန္ဒအလျှောက် အလုပ်ထွက်ချင်တယ်ဆိုရင်တော့ ကုမ္ပဏီသို့မဟုတ် အလုပ်ရုံကို တစ်လလောက် ကြိုတင်ပြီး နှုတ်ထွက်စာတင်လို့ ရပါတယ်။ ကိုယ့်ဆန္ဒအလျောက် အလုပ်ထွက်တာကိုတော့ အလုပ်ရှင်ဘက်က နစ်နာကြေးပေးစရာမလိုဘဲ ကိုယ့်ရဲ့ ထိုက်သင့်တဲ့ လစာကိုသာ ယူပြီးတော့ အလုပ်ကနေ ထွက်လို့ရပါတယ်။

အလုပ်ရှင်မှ အလုပ်ရပ်စဲစေခြင်း

ကိုယ့်ရဲ့ သဘောဆန္ဒအလျောက်မဟုတ်ဘဲ အလုပ်ကနေ ရပ်စဲခံရမယ်ဆိုရင်တော့ အလုပ်ရပ်စဲခံရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး နစ်နာကြေးက အလုပ်ရှင်ဘက်က အလုပ်သမားကို ပေးရမှာဖြစ်ပါတယ်။အလုပ်ကနေ ရပ်စဲခံရတဲ့ အကြောင်းရင်း (၄) ချက်ရှိပါတယ်။

  • (၁) အစမ်းခန့်ကာလမှ ရပ်နားခံရခြင်း
  • (၂) ပြစ်ချက်ကြောင့် အလုပ်မှ ရပ်နားခံရခြင်း
  • (၃) ပြစ်ချက်မရှိဘဲ အလုပ်မှ ရပ်နားခံရခြင်း
  • (၄) လုပ်ငန်းရပ်စဲခြင်း‌ကြောင့် အလုပ်မှ ရပ်နားခံရခြင်း တို့ပဲဖြစ်ပါတယ်။

(၁) အစမ်းခန့်ကာလမှ ရပ်နားခံရခြင်း

အလုပ်ရှင်အနေနဲ့ အလုပ်မှာ ယခုမှ စတင်ဝင်ရောက်လာတဲ့ ဝန်ထမ်းသစ်ကို အစမ်းခန့်ကာလမှာ အလုပ်ကနေ ရပ်စဲလိုတယ်ဆိုရင် တိကျတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်ကြိုတင် အကြောင်းကြားရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ အစမ်းခန့် အလုပ်သမားဘက်ကလည်း ဒီအလုပ်မှာ ဆက်လက် မလုပ်လိုတော့ဘူးဆိုရင် အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားပြီး အလုပ်ဆက်လက်မလုပ်လိုကြောင်း အကြောင်းပြချက်ပေးပြီး ရပ်နားရပါမယ်။

စည်းကမ်းဖောက်ဖျက်မှုအတွက် ဝန်ခံကတိထိုးပြီးနောက် ၁၂ လအတွင်း စည်းကမ်းတွေ ဆက်လက်ချိုးဖောက်နေတဲ့ ဝန်ထမ်းကိုတော့ နစ်နာကြေးမပေးရဘဲ အလုပ်ကနေ ရပ်နားခိုင်းလို့ ရပါတယ်။

(၂) ပြစ်ချက်ကြောင့် အလုပ်မှ ရပ်နားခံရခြင်း

အစမ်းခန့်ဝန်ထမ်းမဟုတ်ဘဲ အမြဲတမ်းဝန်ထမ်းတစ်ယောက်ကို ရုံး/အလုပ် စည်းကမ်းတွေကို ဖောက်ဖျက်လို့ အလုပ်ကနေ ထုတ်ပယ်ချင်တယ်ဆိုရင်လည်း ကြိုတင်သတိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။ စာနဲ့ နှစ်ကြိမ်တိတိ သတိပေးပြီးနောက် ဆက်လက်ချိုးဖောက်နေပြီဆိုရင် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး သတိပေးရပါမယ်။ ဝန်ခံကတိထိုးပြီးနောက် ၁၂ လအတွင်း စည်းကမ်းတွေ ဆက်လက်ချိုးဖောက်နေတဲ့ ဝန်ထမ်းကိုတော့ နစ်နာကြေးမပေးရဘဲ အလုပ်ကနေ ရပ်နားခိုင်းလို့ ရပါတယ်။ ၁၂ လအတွင်း ဆက်လက်ချိုးဖောက်ခြင်းမရှိတဲ့ ဝန်ထမ်းကိုတော့ အလုပ်ထုတ်ပယ်ခွင့်မရှိပါဘူး။

(၃) ပြစ်ချက်မရှိဘဲ အလုပ်မှ ရပ်နားခံရခြင်း နဲ့ (၄) လုပ်ငန်းရပ်စဲခြင်း‌ကြောင့် အလုပ်မှ ရပ်နားခံရခြင်း 

ဒီ အကြောင်းခြင်းရာ နှစ်ခုကြောင့် အလုပ်ရှင်ဘက်က အလုပ်သမားကို အလုပ်ရပ်နားချင်တယ်ဆိုရင်တော့ နစ်နာကြေးပေးပြီး အလုပ်ကနေရပ်နားစေရမှာဖြစ်ပါတယ်။ နစ်နာကြေးပေးရာမှာလည်း အလုပ်သမားဉပဒေအရ သတ်မှတ်ထားတဲ့ နစ်နာကြေးကို လုပ်သက်အတွေ့အကြုံအလိုက် ပေးရမှာ ဖြစ်ပါတယ်။

နစ်နာကြေးနှုန်းထားများ

-လုပ်သက် ၆ လပြည့်ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး လဝက်လစာ

- လုပ်သက် ၁ နှစ်ပြည့် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက  နစ်နာကြေး ၁ လစာ

- လုပ်သက် ၂ နှစ်ပြည့် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၁ လခွဲ လစာ

-လုပ်သက် ၃ နှစ်ပြည့် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၃ လစာ

-လုပ်သက် ၄ နှစ် နဲ့ ၆နှစ်အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက  နစ်နာကြေး ၄ လစာ

-လုပ်သက် ၆ နှစ်နဲ့ ၈နှစ်အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၅ လစာ

-လုပ်သက် ၈ နှစ်နဲ့ ၁၀နှစ်အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၆ လစာ

-လုပ်သက် ၁၀ နှစ်နဲ့ အနှစ် ၂၀အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၈ လစာ

-လုပ်သက် ၂၀ နှစ်နဲ့ ၂၅ နှစ်အတွင်းဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၁၀ လစာ

-လုပ်သက် ၂၅ နှစ်နဲ့အထက် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက  နစ်နာကြေး ၁၃ လစာ

ပေးပြီး အလုပ်ကနေ ရပ်နားစေရမယ်လို့ အလုပ်သမားဉပဒေမှာ ပြဌာန်းထားပါတယ်။ ဒီနစ်နာကြေးတွေကိုလည်း အလုပ်ကနေ ရပ်စဲခံရပြီးချိန်ကနေ ရက် ၃၀ အတွင်း အလုပ်သမားကို ပေးရမှာဖြစ်ပါတယ်။

နစ်နာကြေးမရရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ဘာဆက်လုပ်သင့်သလဲ

သတ်မှတ်ထားတဲ့ နစ်နာကြေးမရရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ နစ်နာကြေးကို ရရှိဖို့အတွက် တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ရဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက်ရှိတဲ့ မြို့နယ်အလုပ်သမားရုံး ၊အလုပ်သမားညွန်ကြားရေးဦးစီးဌာနကို သွားရောက်ပြီး အလုပ်ထုတ်ပယ်ခြင်းအတွက် တိုင်ကြားချက်တွေကို သွားရောက် တိုင်ကြားတောင်းဆိုနိုင်ပါတယ်။

အခုပြောပြခဲ့တာကတော့ အလုပ်သမားတွေအနေနဲ့ အခန့်မသင့်လို့ အလုပ်ကနေ ပြစ်ချက်မရှိဘဲ ထုတ်ပယ်ခံရတဲ့အခါ ရရှိရမယ့် အကျိုးခံစားခွင့်တွေနဲ့ ဒီ အကျိုးခံစားခွင့်တွေ မရရှိခဲ့ဘူးဆိုရင်လည်း ဆက်လက် လုပ်ဆောင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာလတစ်လအတွင်း ကုမ္ပဏီတွေကနေ ခေါ်ယူမှုအများဆုံး အလုပ်အကိုင် ၅ခု နဲ့ အိမ်မှာအလုပ်လုပ်နေမယ့် ဝန်ထမ်းတွေအနေနဲ့ ရုံးကနေ မဖြစ်မနေတောင်းဆိုရမယ့်အရာတွေ ကို ဆက်လက် လေ့လာနိုင်ပါတယ်။ 


Share

Loading Next Article...
က္က