In partnership with  logo
လုပ်ငန်းခွင်ဝင်သူတွေသာမက လူတိုင်းအတွက် လိုအပ်တဲ့ skills တွေပဲဖြစ်ပါတယ်။

နည်းပညာတွေနဲ့အတူ အရာရာပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးမှာ ငါ့မှာ အလုပ်ရှိနေတာပဲ၊ ဘာမှသင်ယူစရာမလိုတော့ပါဘူးလို့ တရားသေတွေးထားလို့မရပါဘူး။ဘယ်သူမဆို ရောက်နေတဲ့နေရာမှာတင် မရပ်တန့်လိုက်ဘဲ ခေတ်ကြီးနဲ့ အမီလိုက်ဖို့ လိုအပ်နေပါပြီ။ ဒီလိုအမီလိုက်နိုင်ဖို့အတွက် လုပ်ငန်းခွင်ဝင်နေသူတိုင်း မဖြစ်မနေကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမယ့် Skills ငါးမျိုးကို ညွှန်းပေးချင်ပါတယ်။ဒါတွေဟာ ဝန်ထမ်းလုပ်နေသူမှမဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်းလုပ်လိုသူတွေအတွက်လည်း အရမ်းကို လိုအပ်ပါတယ်။ 



အဲဒါတွေကတော့ 

  • ၁။အင်္ဂလိပ်စာ
  • ၂။Soft skill
  • ၃။စာရင်းအင်းပိုင်းဆိုင်ရာ 
  • ၄။Personal Branding(ကိုယ့်ပုံရိပ်တည်ဆောက်ခြင်း)
  • ၅။Digital Marketing(ဒစ်ဂျစ်တယ်ဈေးကွက်ရှာခြင်း) တို့ပဲဖြစ်ပါတယ်။
 

၁။အင်္ဂလိပ်စာ 

လုပ်ငန်းခွင်ဝင်နေကြတဲ့ ဝန်ထမ်းတွေအဖို့ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို မဖြစ်မနေတတ်ထားဖို့လိုအပ်ပါတယ်။ Business English ကို တတ်ထားသူတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေသလို လုပ်ငန်းခွင်အတွင်းမှာ ရရှိလာတဲ့ အခွင့်အလမ်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်အသုံးချခွင့်ရနိုင်တဲ့အတွက် တတ်ကို တတ်ထားသင့်တယ်လို့ ပြောပါရစေ၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို တတ်ထားခြင်းအားဖြင့် လုပ်ငန်းခွင်မှာ မမျှော်လင့်ဘဲ အင်္ဂလိပ်လိုပြောရမယ့်အခြေအနေတွေဖြစ်လာတဲ့အခါမျိုးမှာ၊ အင်္ဂလိပ်လိုပြောတတ်သူတွေအတွက် အခွင့်အလမ်းရလာတဲ့အခါမျိုးမှာ ကိုယ်က ဒီအတတ်ပညာကို အသုံးချနိုင်သလို အင်္ဂလိပ်စာကျွမ်းကျင်သူတွေအနေနဲ့ လစာများတဲ့အလုပ်ကို ရရှိနိုင်တဲ့အတွက် ပထမဆုံးအချက်အနေနဲ့ Business Englishကို တတ်ကျွမ်းအောင် လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။

အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ဆိုရင် သင်တန်းတက်တာမျိုးလည်း လုပ်လို့ရသလို ကိုယ်က သင်တန်းတက်ဖို့ အချိန်မအားဘူးဆိုရင်လည်း ကိုယ့်ရဲ့ အားလပ်ချိန်မှာ အင်္ဂလိပ်သီချင်းတွေ နားထောင်တာမျိုး ၊ ရုပ်ရှင်ကြည့်တဲ့အခါ အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်တွေ ရွေးကြည့်တာမျိုး ပြုလုပ်လို့ရသလို YouTube ကနေလည်း လေ့လာသင်ယူလို့ရပါတယ်။ အင်္ဂလိပ်လို ဒိုင်ယာရီရေးသားတာမျိုး လေ့ကျင့်ပြီး ကိုယ့်ရဲ့ အင်္ဂလိပ်စာအရည်အသွေးကို မြှင့်တင်လို့ ရပါတယ်။ဒီအချိန်မှာ အွန်လိုင်းကနေ တက်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းတွေလည်း အများကြီး ရှိနေပြီဖြစ်တဲ့အတွက် တစ်နေ့ကို အချိန်တစ်နာရီလောက် ပေးပြီး လေ့လာသင်ယူမယ်ဆိုရင်တောင် ကိုယ့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ဟာ တိုးတက်လာမှာကျိန်းသေပါတယ်။ 

ဒီဘက်ခေတ်လို အစစအရာရာတိုးတက်နေတဲ့ခေတ်ကြီးမှာ နောက်ကောက်ကျမကျန်ခဲ့စေဖို့အတွက် Soft skillဟာလည်း အရေးကြီးပါတယ်။

၂။Soft skill

ဒီဘက်ခေတ်လို အစစအရာရာတိုးတက်နေတဲ့ခေတ်ကြီးမှာ နောက်ကောက်ကျမကျန်ခဲ့စေဖို့အတွက် Soft skillဟာလည်း အရေးကြီးပါတယ်။ Soft skillဆိုတာဟာ အဖွဲနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ၊ အခက်အခဲပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ သူများထက်သာစေမယ့် တီထွင်ဖန်တီးမှုရအောင်ဘယ်လိုလုပ်မလဲ၊ ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဝေဖန်ပိုင်းခြားနိုင်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းရည်၊ ညှိနှိုင်းနိုင်မှုစွမ်းရည်တွေ၊ လူအများနဲ့ စကားပြောဆိုစွမ်းရည်တွေ အပြင် လိုက်လျောညီထွေပြောင်းလဲနိုင်ဖို့ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်တွေဟာ ဝန်ထမ်းတွေမှာသာမက လူတိုင်းမှာ လိုအပ်ပါတယ်။ အွန်လိုင်းကနေ သင်တန်းတက်လို့ ရနိုင်သလိုအလုပ်ထဲကနေ တစ်ဆင့် အတွေ့အကြုံယူရင်း၊ ကိုယ့်ရဲ့ အထက်လူကြီးတွေကနေတစ်ဆင့် သင်ယူလေ့လာရင်း ကိုယ့်ရဲ့ soft skill တွေ မြင့်တက်လာအောင် လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

၃။စာရင်းအင်းပိုင်းဆိုင်ရာ 

ငွေရေးကြေးရေးဟာ လူတိုင်းအတွက် အရမ်းကို အရေးပါပါတယ်။ စာရင်းအင်းကို စိတ်မဝင်စားဘူးဆိုရင်တောင် Accounting ကိုတော့ အခြေခံအနေနဲ့ တတ်ထားသင့်ပါတယ်။လုပ်ငန်းလိုအပ်ချက်အရ စာရင်းအင်းပိုင်း ကိုင်ရတာတွေ ဖြစ်လာနိုင်တဲ့အတွက် ကိုယ်က မလုပ်တတ်ဘူးလို့ ငြင်းလိုက်ရတာမျိုး မဖြစ်ရလေအောင် တက်ထားတာကောင်းပါတယ်။ တကယ်လို့ ကိုယ်က ဝန်ထမ်းအလုပ်မလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင်အလုပ်လုပ်ချင်လာတဲ့အခါမျိုးမှာလည်း Accounting က အရမ်းကို အသုံးဝင်ပါတယ်။  Accounting ပိုင်းကိုလည်း ခုချိန်မှာ အွန်လိုင်းကနေ အလွယ်တကူသင်ယူလို့ရသလို ကိုယ့်ဘာသာကိုယ် လေ့လာလိုသူတွေအတွက်လည်း YouTube ကနေတစ်ဆင့် အခြေခံ ကစပြီး သင်ယူလို့ ရပါတယ်။

၄။Personal branding

တစ်ခါတလေ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ကိုယ်ဟာ ဘာလုပ်ချင်လို့ ဘာဖြစ်ချင်နေမှန်းမသိ ယောင်ဝါးပြီး ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့ ပုံရိပ်ဟာ ပျောက်မှန်းမသိပျောက်နေပြီး ကိုယ် လုပ်နေတာတွေက လူမသိသလို အရာမထင်သလိုမဖြစ်ရလေအောင် personal brandingကောင်းကောင်းိဖို့လိုအပ်ပါတယ်၊ ကိုယ့်ရဲ့ ပုံရိပ်၊ ကိုယ့်ရဲ့ နာမည်၊ ကိုယ့်ကျွမ်းကျင်မှုတွေကို လူတွေသိလာအောင် ဘယ်လိုတည်ဆောက်ယူမလဲဆိုတာကို ကောင်းကောင်းသိရပါမယ်။ လုပ်ငန်းခွင်မှာ ကိုယ်က ကျွမ်းကျင်နေပေမယ့်လည်း personal branding ကို မတည်ဆောက်တတ်ဘူးဆိုရင် ကိုယ်က ဘေးရောက်သွားနိုင်ပါတယ်။ personal branding သာ‌ေကာင်းမယ်ဆိုရင် တခြားအလုပ်တစ်ခုပြောင်းချင်ရင်လည်း လွယ်ကူသလို အလုပ်ထဲမှာလည်း အလုပ်လုပ်ရတာ အများကြီးအထောက်အကူဖြစ်စေပါတယ်။ personal branding ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ဒီခေတ်မှာ သိဖို့ လိုအပ်နေပါပြီ။ဒီဘက်ခေတ်မှာ personal branding နဲ့ပတ်သက်တဲ့သင်တန်းတွေကော၊ အွန်လိုင်းကနေ တက်ရောက်လို့ ရနိုင်တဲ့ သင်တန်းတွေပါ အများကြီးရှိနေပြီဖြစ်တဲ့အတွက် ကိုယ်နဲ့ ကိုက်ညီမယ့် သင်တန်းတွေကို တက်ရောက်လေ့လာသင်ယူလို့ ရပါတယ်။ 

၅။Digital Marketing(ဒစ်ဂျစ်တယ်ဈေးကွက်ရှာခြင်း)

ခုခေတ်မှာ လိုအပ်တဲ့ အရာတစ်ခုကတော့ Digital Marketing ပိုင်းဆိုင်ရာပါပဲ။Digital Marketing ပိုင်းဆိုင်ရာကို တတ်မြောက်သူတစ်ယောက်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပိုင်းဆိုင်ရာမှာလည်း လမ်းပွင့်လာပါတယ်။ ဒီနေ့ခေတ်မှာလည်း Digital Marketing ကျွမ်းကျင်သူတွေခေါ်ယူမှုက အရမ်းကို များနေသလို အလုပ်ခေါ်ယူမှုတွေမှာ Digital Marketing ကျွမ်းကျင်မှုကို လိုအပ်ချက်တစ်ခုဖြစ်လာတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Digital Marketingသင်တန်းတွေကိုလည်း တက်ထားသင့်ပါတယ်။ 

ဒီဘက်ခေတ်မှာ ပြောင်းလဲမှုတွေက အရမ်းမြန်သလို တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုအရှိန်ကလည်း အရမ်းမြန်တဲ့အတွက် ကိုယ်တတ်ထားတာတစ်ခုတည်းကိုပဲ အသုံးချဖို့ဆိုတာ မလွယ်တော့ပါဘူး။  ဒီတစ်နှစ်မှာ သိထားတာတွေကနောက်နှစ်မှာ ပြောင်းလဲသွားနိုင်သလို နည်းပညာတွေရဲ့ ပြောင်းလဲမှုကလည်း အရမ်းကို မြန်တဲ့အတွက် လူတွေအနေနဲ့ အမီလိုက်ဖို့လိုတယ်။ သင်ယူမှုကို ရပ်တန့်လိုက်တဲ့သူက နောက်သုံးနှစ်လောက်မှာ နောက်ကောက်ကျန်ရစ်ခဲ့ပါလိမ့်မယ်။Digital Marketing ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကိုလည်း အွန်လိုင်းကနေ သင်ယူလို့ရနိုင်ပါပြီ။

အထက်ကပြောခဲ့တဲ့ သင်တန်းတွေကို အွန်လိုင်းတွေမှာပဲ အလွယ်တကူရှာဖွေတက်‌ရောက်လေ့လာလို့ ရပါတယ်။ သင်တန်းတွေကို ဘယ်မှာ ဘယ်လိုတက်ရမလဲဆိုတာကို မသိတဲ့သူတွေအနေနဲ့ သင်တန်းတက်ရောက်နိုင်တဲ့ နေရာတွေနဲ့ ပတ်သက်ပြီး Marketing Consultant ဦးစိုင်းလူသျှားက "တကယ်လို့ ဒီ ငါးခုကို ဘယ်မှာတ်ရမလဲဆိုတာ မသိဘူးဆိုရင် LinkedIn မှာ တစ်လကို ဒေါ်လာ ၃၀ သွင်းရင် course ပေါင်းသောင်းခြောက်ထောင် တက်လို့ရတယ်။ အဲဒီထဲမှာ ကျွန်တော်ပြောသွားတဲ့ သင်တန်းတွေလည်း ရှိတယ်။ အပြင်မှာ သင်တန်းသွားတက်လည်းရပေမယ့် ကိုယ်ကသာ အင်္ဂလိပ်စာလည်း နည်းနည်းကောင်းတယ်ဆိုရင် တစ်လကို ဒေါ်လာ ၃၀ နဲ့ အဲဒီမှာ ကိုယ်အားရင်အားသလို သွားတက်လို့ရတယ်။" လို့လမ်းညွှန်ပေးထားပါတယ်။  

အခုပြောခဲ့တဲ့ အရာတွေကတော့ လုပ်ငန်းခွင်ဝင်နေသူတိုင်းအတွက် လစာဝင်ငွေပိုကောင်းအောင်၊ လက်ရှိရာထူးကနေ ပိုမိုကောင်းမွန်တဲ့ရာထူးကို ရရှိစေနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမယ့် စွမ်းရည်တွေနဲ့ တက်ထားရမယ့် သင်တန်းတွေပဲဖြစ်ပါတယ်။

ဆက်လက်ပြီး အလုပ်အကိုင် ရှာဖွေနေသူတိုင်း ရှိသင့်တဲ့ LinkedIn အကောင့်ကို ဘယ်လိုဖွင့်ကြမလဲ နဲ့ ဘယ်အရာတွေက ကိုယ့်ရဲ့ ရာထူးနဲ့လစာတိုးဖို့ အတားအဆီး ဖြစ်နေတာလဲ တွေမှာ ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။

အလုပ်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/2VsEXtd ကနေတစ်ဆင့် အလုပ်တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က