In partnership with  logo
ဝန်ထမ်းတွေဟာ အလုပ်ရှင်တွေဆီက လစာထက် ပိုမျှော်လင့်ထားတဲ့ အရာတွေရှိပါတယ်။

ဝန်ထမ်းတွေဟာ လစာလိုချင်လို့ အလုပ်လုပ်ကြတာ မှန်ပေမယ့် ဒီဘက်ခေတ်မှာတော့ လစာအပြင် တခြားမျှော်လင့်ချက်တွေ အများကြီး အလုပ်ပေါ်မှာ ထားတတ်ကြပါတယ်။ လစာအပြင် ကိုယ်မျှော်လင့်နေတဲ့ တခြားအရာတွေကို ရမှသာလျှင်လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ လစာအပြင် တခြားမျှော်လင့်တောင့်တနေတဲ့ အရာတွေက ဘာတွေဖြစ်မလဲ၊ ကိုယ်မျှော်လင့်တောင့်တနေတဲ့ အရာတွေနဲ့ခုပြောပြတာတွေက ကိုက်ညီမှုရှိရဲ့လားဆိုတာ တိုက်ကြည့်ကြရအောင်...။



၁။တန်ဖိုးထားခံရမှု 

ဝန်ထမ်းတွေဟာ အလုပ်ရှင် / အထက်လူကြီးရဲ့ တန်ဖိုးထားခံရမှုကို လစာထက် ပိုလိုချင်တတ်ကြပါတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခံရတာလောက် ဝန်ထမ်းတွေပျော်ရွှင်တာ မရှိတော့ပါဘူး။ ကိုယ်လုပ်ထားတဲ့ အရာကို အလုပ်ရှင်/အထက်လူကြီးက နှစ်ခြိုက်သဘောကျ တန်ဖိုးထားတာကို ရရှိတာက ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်စေသလို ရှေ့ဆက်ဆောင်ရွက်မယ့် အလုပ်တွေမှာလည်း အားတက်လာစေတာဖြစ်အတွက် ဝန်ထမ်းတွေရဲ့ ပထမဆုံး မျှော်လင့်တောင့်တမှုဟာ အလုပ်ရှင်ဘက်ကတန်ဖိုးထားခံရမှု၊ အသိအမှတ်ပြု ခံရမှုပဲ ဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုခံရဖို့ဆိုရင်တော့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ ပြစ်ချက်၊ မှားယွင်းမှု ၊လုပ်ငန်းခွင်လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အထက်လူကြီး ဒါမှမဟုတ် အလုပ်ရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပြီး ကိုယ့်လုပ်ဆောင်ချက်တွေဟာ တစ်စတစ်စတိုးတက်လာတာကို အလုပ်ရှင်/အထက်လူကြီး သိအောင် ပြသပေးဖို့တော့ လိုအပ်ပါတယ်။ 

၂။ထောက်ခံအားပေးမှု 

ဝန်ထမ်းတွေအတွက် အလုပ်လုပ်ရာမှာ ဒုတိယအရေးကြီးဆုံးအရာကတော့ အလုပ်ရှင်(အထက်လူကြီး) ရဲ့ ထောက်ခံအားပေးမှုပဲဖြစ်ပါတယ်။ကိုယ့်လုပ်ရပ်ကို ထောက်ခံအားပေးမှုမရရှိဘဲ အချိန်ပြည့် အပြစ်တင်ရှုံ့ချမှုကိုသာ ရနေမယ်ဆိုရင် ဝန်ထမ်းဟာ ဘယ်လိုမှ လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်တော့မှာ မဟုတ်ပါဘူး။ မှားယွင်းနေတဲ့ လုပ်ကိုင်မှုတွေကို သေချာ တည့်မတ်ပေးပြီး အလုပ်ကို စနစ်တကျလုပ်ဆောင်နိုင်အောင်ထောက်ခံအားပေးတာမျိုးကို ဝန်ထမ်းတိုင်း အလိုရှိပါတယ်။ ဒီလို ထောက်ခံအားပေးမှုကို လိုလားကြောင်းကိုလည်း ကိုယ့်ဘက်ကနေ ဆွေးနွေးပြောဆိုပေးဖို့ လိုပါတယ်။ 

လုပ်ငန်းခွင်မှာ အချိန်ကြာလာတာနဲ့အမျှ ဝန်ထမ်းတွေဟာ လက်ရှိရာထူးထက် တစ်ဆင့်တက်ချင်ကြတာ ဓမ္မတာပါပဲ။

၃။တိုးမြှင့်လာမယ့် အလုပ်အကိုင်ရာထူး

လစာထက် ပိုမက်မောတဲ့ နောက်ထပ်အရာတစ်ခုကတော့ ရာထူးတိုးမြှင့်ရေးပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အချိန်ကြာလာတာနဲ့အမျှ ဝန်ထမ်းတွေဟာ လက်ရှိရာထူးထက် တစ်ဆင့်တက်ချင်ကြတာ ဓမ္မတာပါပဲ။ ဒီလို တစ်ဆင့်တက်နိုင်မယ့် ရာထူးကို ရရှိဖို့အတွက် ကြိုးစားအားထုတ်မှုတွေ မြှင့်တင်ပြီး လုပ်ငန်းခွင်အတွင်း ပိုမို အားထုတ်လာတတ်ကြပါတယ်။ ကြိုးစားအားထုတ်နေပါလျက်နဲ့ တိုးတက်လာခြင်းမရှိဘဲ လက်ရှိနေရာမှာ ရပ်တန့်နေတဲ့ အဖြစ်မျိုးကို ဘယ်ဝန်ထမ်းကမှ မလိုချင်ကြပါဘူး။ ရာထူးတိုးမြင့်ဖို့အတွက် ကိုယ် ဘာလိုအပ်ချက်တွေရှိနေလဲ၊ဘယ်လိုသင်တန်းတွေ တက်ရောက်ဖို့ လိုအပ်နေသလဲဆိုတာကို အထက်လူကြီး/အလုပ်ရှင် နဲ့ ဆွေးနွေးတိုင်ပင်ပါ။ 

၄။တိုးတက်လာမယ့် လေ့လာသင်ယူမှုနဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည်

နောက်ထပ် မျှော်လင့်နေတဲ့ အရာတွေကတော့ လေ့လာသင်ယူမှုနဲ့ အလုပ်အကိုင်အရည်အချင်းပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ လုပ်ငန်းခွင်မှာလုပ်သက်ကြာလာတာနဲ့အမျှ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အရည်အချင်းတွေ ရရှိလာစေဖို့ တစ်ဖက်မှာ သင်ယူလေ့လာစရာတွေကို လေ့လာခွင့်လိုချင်လာကြပါတယ်။ တချို့ အလုပ်ရှင်(အထက်လူကြီး)တွေက ဝန်ထမ်းတိုးတက်ရေးအတွက် သင်ယူလေ့လာခွင့်ပြုဖို့ နှောင့်နှေးနေတတ်ကြပါတယ်။ ရာထူးတိုးမြင့်ဖို့ ဆိုတဲ့နေရာမှာလည်း အရည်အချင်းတိုးတက်မှသာ ဖြစ်နိုင်တာဖြစ်တဲ့အတွက်ဝန်ထမ်းတွေဟာ လေ့လာသင်ယူမှရရှိဖို့လိုပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်ပြင်ပမှာ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး တိုးတက်စေမယ့် သင်ယူလေ့လာမှုတွေ ပြုလုပ်ပါ၊ စာအုပ်တွေ၊ YouTube တွေကတစ်ဆင့် လေ့လာသင်ယူပါ၊ သက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ပါလို့ အကြံပြုချင်ပါတယ်။ 

၅။လုံခြုံဘေးကင်းစိတ်ချတဲ့ ပတ်ဝန်းကျင် 

ဝန်ထမ်းတွေ နောက်ထပ် အဓိကလိုချင်တောင့်တတဲ့ အရာကတော့ လုံခြုံဘေးကင်းစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရဖို့ ပဲ ဖြစ်ပါတယ်။ ဒီလို ကိုဗစ်ကာလမှာလည်း ဝန်ထမ်းတွေ အလုပ်လုပ်ရာမှာ ရောဂါကူးစက်မှုဒဏ်ကင်းဝေးအောင် လုပ်ငန်းရှင်ဘက် က ဘယ်လို ဆောင်ရွက်ပေးမလဲ၊ တခြားသော အခြေအနေမှာလည်း ဝန်ထမ်းတွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဘဝကို ရရှိစေဖို့ အလုပ်ရှင်ဘက်က ဘာတွေ ဆောင်ရွက် ပေးမလဲဆိုတာကို ဝန်ထမ်းတွေဘက်က မျှော်လင့်တောင့်တကြပါတယ်။



၆။အလုပ် နဲ့ ဘဝဟန်ချက်ကျမှု 

ဘယ်ဝန်ထမ်းမှ အလုပ် အလုပ် ချည်းပဲ ဖြစ်မနေတတ်ကြပါဘူး။ တစ်ဖက်မှာလည်း အလုပ်လုပ်တာနဲ့ ညီမျှတဲ့ ဘဝနေထိုင်မှုပုံစံကိုလည်းမျှော်လင့်တတ်ကြပါသေးတယ်။ သူများနဲ့ တန်းတူနေထိုင်နိုင်ဖို့အတွက် အလုပ်လုပ်နေကြတာဖြစ်တာကြောင့် ဝန်ထမ်းတွေဟာ အလုပ်လုပ်နေသမျှ ကာလပတ်လုံး အလုပ်တွေသာ များလာတယ်။ ဘဝက ဘာမှ တိုးတက်မှုမရှိဘဲ ဒုံရင်းဖြစ်နေတယ်ဆိုရင် စိတ်ဓာတ်ကျလာတတ်ကြပါတယ်။ အလုပ်လုပ်နေရင်းက ကိုယ့်ဘဝတိုးတက်မှုရရှိဖို့က အလုပ်သမားတိုင်း ဝန်ထမ်းတိုင်းရဲ့ မျှော်လင့်ချက်ပါ။ ဒီမျှော်လင့်ချက်ကိုပြည့်ဝစေဖို့အတွက် ဝန်ထမ်းကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ 

-အလုပ်ချိန်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ချိန် ညီညွတ်မျှတအောင် ချင့်ချိန်နေထိုင်ပါ၊

-ကိုယ့်ရဲ့ လုပ်ငန်းခွင်ပြင်ပချိန်မှာ ဝါသနာပါရာ တစ်ခုခုကို အာရုံစူးစိုက်တာမျိုး၊

-တိုးတက်မှု ရှာဖွေတာမျိုး၊

-သူငယ်ချင်းမိတ်ဆွေမိဘဆွေမျိုးတွေနဲ့ အားလပ်ချိန်မှာ စကားစမြည်ပြောဆိုတာမျိုး လုပ်ပေးမယ်ဆိုရင် အလုပ်နဲ့ ဘဝဟန်ချက်ညီလာမှာဖြစ်ပြီး အလုပ်ကရရှိတဲ့ စိတ်ဖိစီးမှုတွေလည်း လျော့ပါးလာပါလိမ့်မယ်။ 

အထက်ကပြောခဲ့တဲ့ အချက် (၆) ချက်ကတော့ ဝန်ထမ်းတိုင်း ဘဝမှာမျှော်လင့်တောင့်တနေတဲ့ အချက်ကလေးတွေပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့လည်း လစာအပြင် လုပ်ငန်းခွင်ကနေ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက် တြားမျှော်လင့်တာတွေ ရှိနေသင့်ပါတယ်။ မျှော်လင့်နေရုံနဲ့ မပြီးသေးပါဘူး၊ ဒီမျှော်လင့်ချက်တွေ ပြည့်ဝဖို့အတွက် ကိုယ်က အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတစ်ယောက်အဖြစ်ပြသဖို့ လိုအပ်ပါတယ်။ သင့်မှာကော ဒီ့ပြင် မတူတဲ့ မျှော်လင့်တောင့်တမှုတွေ ရှိနေဦးမယ်ဆိုရင် comment ကနေတစ်ဆင့် ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ 

အလုပ်မှာ ရာထူးလစာကောင်းမွန်လာစေဖို့ မဖြစ်မနေရှိနေသင့်တဲ့ ကျွမ်းကျင်မှု (၅) မျိုး နဲ့ သင်ဟာ အထက်လူကြီးက ယုံကြည်ကိုးစားအားထားရတဲ့ ဝန်ထမ်းဟုတ်မဟုတ် ဆန်းစစ်ကြည့်ရအောင် တွေမှာ ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်လိုသူတွေအနေနဲ့လည်း https://bit.ly/3g3Wr8A ကနေတစ်ဆင့် အလုပ်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က