In partnership with  logo
လက်ရှိရရှိနေတဲ့ SSB ကြေးဟာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။

အလုပ်သမားတိုင်း အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ ရရှိဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်မှာ ဘယ်လို ရပိုင်ခွင့်တွေ ရှိနေတာလဲ၊ ရပိုင်ခွင့်တွေကိုအပြည့်အဝရရှိဖို့အတွက် ဘာတွေ ဆောင်ရွက်ရမလဲဆိုတာကို သိနေမှဖြစ်ပါလိမ့်မယ်။ ခုတော့ အလုပ်သမားတွေ၊ဝန်ထမ်းတွေကြားမှာ အရမ်းသိချင်နေကြတဲ့ SSB ကြေးအကြောင်း ဖော်ပြပေးချင်ပါတယ်။ 



SSB အကြောင်းတစေ့တစောင်း 

ဓာတ်ပုံ -ssb.gov.mm

SSB လို့ လူတွေသိကြတဲ့ Social Security Board ကို မြန်မာတွေကတော့ လူမှုဖူလုံရေးလို့ သိထားကြပါတယ်။ လူမှုဖူလုံရေးမှတ်ပုံတင်ထားတဲ့ အလုပ်သမားဝန်ထမ်းတွေအနေနဲ့ နာမကျန်းဖြစ်တဲ့အခါ ၊ မီးဖွားတဲ့အခါ၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရတဲ့အခါ နဲ့ သေဆုံးတဲ့အခါမျိုးတွေမှာယင်းအလုပ်သမားဝန်ထမ်းတွေ အပါအဝင် မှီခိုသူမိသားစုတွေရဲ့ အခက်အခဲတွေအတွက် ဆေးကုသမှုပေးတာ နဲ့ ငွေကြေးအကျိုးခံစားခွင့် ပေးတာတွေကို ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။ လိုဂိုအတွင်းမှာ ပါဝင်တဲ့ ခြင်္သေ့ပုံ ငွေဒင်္ဂါးလေးကတော့ ငွေကြေးအကျိုးခံစားခွင့်တွေ ရရှိဖို့ဖြစ်ပြီး ကြက်ခြေနီတံဆိပ်ကတော့ ဆေးကုသမှုတွေ ခံယူခွင့် နဲ့ အပြာရောင်တံတိုင်းလေးက နေမှုထိုင်မှုကို ကာကွယ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 

HR ပိုင်းဆိုင်ရာ ဗဟုသုတတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှဆွေးနွေးပေးနေတဲ့ စလေဦးအောင်မင်းစိန်က ကိုဗစ်ကာလမှာ ဝန်ထမ်းတွေ ရရှိခဲ့တဲ့ SSBအကြောင်းနဲ့ ပတ်သက်ပြီး “SSB ဆိုတာ အရင်တုန်းက လူသိလည်း နည်းတယ်။ သိပ်လည်း သတိမထားမိကြဘူး။ ဒီကိုဗစ်ကာလမှာ SSBကြေးတွေ ပြန်ပေးလာတယ်။ ပထမလှိုင်းမှာတုန်းကလည်း ၄၀ ရာခိုင်နှုန်းပေးသလို ဒုတိယလှိုင်းမှာလည်း ၄၀ ရာခိုင်နှုန်းထပ်ပေးတာမျိုးတွေ ရှိလာတော့ တော်တော်များများက SSB ကြေးကို အာရုံစိုက်လာကြတယ်။ SSBဆိုတာကတော့ တစ်နည်းအားဖြင့် insurance အာမခံကြေးလိုမျိုးပေါ့။ တချို့ကကျတော့ SSB ကြေး ပေးဆောင်တာကို ဘဏ်မှာငွေစုသလိုမျိုး ထင်ကြတယ်။ အလုပ်ထွက်လိုက်ရင် အဲဒီ ပေးဆောင်ထားတဲ့ ငွေတွေ ပြန်ရမှာလားလို့ ထင်ကြတယ်။ အဲဒီလို မဟုတ်ဘူး။ ပေးဆောင်ရတာကတော့ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံလစာ ၁သိန်းလေးသောင်းလေးထောင်နဲ့ အများဆုံး သုံးသိန်းကြားကို ပေးဆောင်ရတယ်။ လေးသိန်း ရရင်လည်း SSB ကတော့ သုံးသိန်းနဲ့ပဲ ပေးဆောင်ရတယ်။ အဲဒီအချိန်မှာ အလုပ်ရှင်က သုံးရာခိုင်နှုန်း ၊ အလုပ်သမား နှစ်ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်း SSB ကြေးတွေ ပေးဆောင်ရတာပေါ့။” လို့ ဝေမျှပေးခဲ့ပါတယ်။ 

ဘယ်လိုပေးဆောင်ရတာလဲ 

SSB ကြေးပေးဆောင်တာကို HR ဌာနတွေက ဦးဆောင်ပြီး ဆောင်ရွက်ပေးတာမျိုးတွေ အလုပ်ရုံ နဲ့ ကုမ္ပဏီတွေမှာ လုပ်လေ့ရှိပါတယ်။ ရရှိတဲ့ လစာဝင်ငွေကို အချိုးကျတွက်ချက်ပြီး လစဉ်လတိုင်း ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်က ၂ရာခိုင်နှုန်း ၊ အလုပ်သမားဘက် က ၂ရာခိုင်နှုန်း ပေးဆောင်ရပြီး အလုပ်တွင်းထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် အတွက် အလုပ်သမားဘက် က ပေးဆောင်စရာမလိုဘဲ အလုပ်ရှင်ဘက်က ၁ရာခိုင်နှုန်းပေးဆောင်ရပါတယ်။ 

အလုပ်ရှင်ဘက်က ပေးဆောင်ခြင်းမရှိထားတဲ့ ဝန်ထမ်းတွေအတွက် 

အလုပ်သမား ဝန်ထမ်းဖြစ်နေပေမယ့်လည်း ကိုယ့် အလုပ်ရုံ သို့ ကိုယ့်ရုံးက လူမှုဖူလုံရေးကြေး ပေးသွင်းတာမျိုး မရှိတဲ့အတွက် တစ်ဦးတည်းအနေနဲ့ ပေးသွင်းချင်ရင်လည်း လျှောက်ထားလို့ ရပါတယ်။ ကိုယ်နေထိုင်ရာ မြို့နယ်မှာ ရှိတဲ့ လူမှုဖူလုံရေးရုံး ကို သွားရောက်ပြီး လိုင်စင်ဓာတ်ပုံ ၊ ကျန်းမာရေးထောက်ခံချက် နဲ့ အတူ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူသွားပြီး လျှောက်ထားလို့ ရနိုင်ပါတယ်။ အလုပ်ရှင်မပါဝင်တဲ့အတွက် ပေးသွင်းရမယ့် ၅ရာခိုင်နှုန်းကိုတော့ တစ်ယောက်တည်း ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။ 

(သတိပြုဖို့ တစ်ခုကတော့ နာမကျန်းဖြစ်နေသူကို လူမှုဖူလုံရေး လျှောက်ထားခွင့်‌ပေးမှာမဟုတ်ပါဘူး။)

အကျိုးခံစားခွင့်များ 

လူမှုဖူလုံရေးသွင်းထားသူတွေအနေနဲ့ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းတွေ နဲ့ ဆေးရုံတွေမှာ ဆေးကုသခွင့် နဲ့ ငွေကြေးအကျိုးခံစားခွင့်တွေ လျှောက်ထားလို့ ရပါတယ်။ ပေးဆောင်ရတာကတော့ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံလစာ ၁သိန်းလေးသောင်းလေးထောင်နဲ့ အများဆုံး သုံးသိန်းကြားကို ပေးဆောင်ရတာဖြစ်ပြီး လစာလေးသိန်း ရနေတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း SSBကြေးပေးဆောင်ရာမှာ လစာသုံးသိန်းနဲ့ပဲ ပေးဆောင်ကြရပါတယ်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ မှတ်ပုံတင်ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ အာမခံ အလုပ်သမားတွေဟာ နာမကျန်း ဖြစ်တဲ့အခါ အခမဲ့ ဆေးကုသမှု ခံယူခွင့်နဲ့ ငွေကြေး အကျိုးခံစားခွင့် (၁၅) မျိုးကို ပေး သွင်းထားတဲ့ ဝင်ငွေလစာပေါ် မူတည်ပြီး ခံစားခွင့်ရရှိကြမှာဖြစ်ပါတယ်။ 

(၁) မကျန်းမာမှုအကျိုးခံစားခွင့်၊ 

 ပြီးခဲ့တဲ့ ၄ လအတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာရဲ့ ၆၀% ကို ၂၆ ပတ် အထိခံစားခွင့်

(၂)  မီးဖွားမှုအကျိုးခံစားခွင့်၊ 

ပြီးခဲ့တဲ့ တစ်နှစ် အတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာရဲ့ ၇၀% ကို ၁၄ ပတ် ကနေ ၁၈ ပတ် အထိ ခံစားခွင့်

(၃)  အာမခံအမျိုးသမီး မီးဖွားစရိတ်၊ 

ကလေး (၁)ယောက် မွေးဖွားမှုအတွက် တစ်နှစ်အတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၅၀% ကနေ အမြွှာ ၇၅%၊ သုံးမြွှာပူး ၁၀၀% ခံစားခွင့်     

(၄) ကိုယ်ဝန်ပျက်မှုအတွက် အကျိုးခံစားခွင့်၊

တစ်နှစ်အတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၇၀% ကို ၆ ပတ် အထိ ခံစားခွင့်)

(၅)  တစ်နှစ်အောက်ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်၊ 

တစ်နှစ်အတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၇၀% ကို ၈ ပတ်အထိခံစားခွင့်

(၆)  ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်၊ 

တစ်နှစ်အတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၇၀% ကို ၁၅ ရက် ခံစားခွင့်

(၇) ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊

ဇနီးမီးဖွားမှုအတွက် ကလေး (၁)ယောက်မွေးဖွားခဲ့သော် တစ်နှစ်အတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၂၅% ကနေ အမြွှာ ၃၇.၅%၊ သုံးမြွှာပူး ၅၀% ခံစားခွင့် 

(၈) အာမခံအလုပ်သမားရဲ့ မွေးကင်းစကလေးအသက်တစ်နှစ်အထိ ဆေးကုသမှု ခံယူခွင့်၊ 

(၉)  နာရေးစရိတ်၊

ထည့်ဝင်ကြေးကာလအပေါ် မူတည်ပြီး လုပ်ခလစာ တစ်ဆ ကနေ ငါးဆအထိ

(၁၀) ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ နှစ်ရပ်ပေါင်း ထည့်ဝင်‌ကြေးကာလ (၁၈၀) လ ရှိပါက ဆေးကုသမှုဆက်လက် ခံယူခွင့်၊

(၁၁)  အာမခံအလုပ်သမားရဲ့ မှီခိုသူ မိသားစုတွေအတွက် သင့်တော်တဲ့ အကျိုးခံ စားခွင့်၊

(၁၂)  အလုပ်တွင်းထိခိုက်မှုကြောင့် ယာယီမသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့်၊

၄ လအတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၇၀ % ကို (၅၂) ပတ် အထိ ခံစားခွင့်

(၁၃)  အလုပ်တွင်းထိခိုက်မှုကြောင့် အမြဲတမ်း မသန်မစွမ်းအကျိုးခံစားခွင့်၊

လုပ်အား ဆုံးရှုံးမှု အပေါ် မူတည်ပြီး ၄ လအတွင်း အာမခံကြေးပေးသွင်းထားတဲ့ လစာ ၇၀ %ကို (၅)နှစ်စာ ကနေ (၉)နှစ်စာ အထိ အရစ်ကျ ဖြစ်စေ၊ ငွေလုံးငွေရင်းဖြစ်စေခံစားခွင့်၊

(၁၄ )  အလုပ်တွင်းထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်၊

ထည့်ဝင်ကြေးကာလအပေါ်မူတည်ပြီး အာမခံထားသူ ‌အလုပ်တွင်းထိခိုက်မှု မဖြစ်မီ ၄ လ အတွင်း ရရှိတဲ့ အာမခံကြေးပေးသွင်းထားတဲ့ လစာ အဆ (၃၀) ကနေ အဆ (၈၀)အထိ အရစ်ကျ ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်      

(၁၅) မကျန်းမာမှုကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူဖို့ သို့မဟုတ် အထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသပြီး ကုသမှုခံယူဖို့အတွက် ဒေသကျော်လွန် သွားလာရတဲ့ ခရီးစဉ်အတွက် ကုန်ကျစရိတ် ခရီးစရိတ်ခံစားခွင့် စတာတွေပဲဖြစ်ပါတယ်။

ဒီခံစားခွင့်အားလုံးဟာ သတ်မှတ်ထားတဲ့ အာမခံကြေး ထည့်ဝင်မှုကာလပေါ် မူတည်ပြီး ရရှိတဲ့ အကျိုးခံစားခွင့်တွေပဲဖြစ်ပါတယ်။

မှတ်ပုံတင်ကာလ၊ ထည့်ဝင်ကြေးနဲ့ အကျိုးခံစားခွင့်များ 

မှတ်ပုံတင်ကာလတစ်လအတွင်းမှာထည့်ဝင်ကြေးမပေးထားပေမယ့်လည်း ဆေးကုသမှုခံစားခွင့်၊ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်၊အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးရခြင်းအတွက်ကျန်ရစ်သူအကျိုးခံစားခွင့် နဲ့ နာရေးစရိတ်တို့ကို ခံစားခွင့်ရှိပါတယ်။ မှတ်ပုံတင်ကာလ၆လရှိပြီး ထည့်ဝင်ကြေး ၄လရှိသူတွေအနေနဲ့ မကျန်းမာမှုအတွက် ငွေကြေးအကျိုး ခံစားခွင့် ကိုခံစားခွင့်ရှိပါတယ်။ မှတ်ပုံတင်ကာလ၁၂လအတွင်းထည့်ဝင်ကြေး၆လရှိပါက မီးဖွားမှုငွေကြေးအကျိုးခံစားခွင့်၊မီးဖွားစရိတ်၊ကိုယ်ဝန်ပျက်မှုအတွက်ငွေကြေးအကျိုးခံစားခွင့်၊တစ်နှစ်အောက်ကလေးမွေးစားမှုအတွက်ငွေကြေးအကျိုးခံစားခွင့်၊ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်၊ဖခင်ဘဝဖြစ်မှုအတွက်မီးဖွားစရိတ်နဲ့ မွေးကင်းစကလေးအားတစ်နှစ်အထိဆေးကုသမှုခံယူခွင့်တွေ ရရှိမှာဖြစ်ပြီး ထည့်ဝင်ကြေး၁၈၀လရှိပါကအငြိမ်းစားယူပြီးနောက် ဆေးကုသမှုကုန်ကျစရိတ် ၅၀% ကို လူမှုဖူလုံရေးအဖွဲ့မှကျ ခံမည်ဖြစ်ပြီး၊ ကျန် ၅၀% ကို ကာယကံရှင်မှကျခံရမှာ ဖြစ်ပါတယ်။ 

အာမခံအလုပ်သမားများရဲ့ ဆေးကုသစရိတ်အကြောင်း 

အာမခံ အလုပ်သမားတွေအနေနဲ့ နှလုံးခွဲစိတ် ကုသခြင်း၊ ကိုယ်အင်္ဂါ အစားထိုး ကုသခြင်း၊ ကျောက်ကပ် ဆေးခြင်းတွေနဲ့ နာတာရှည် ရောဂါ ကုသရခြင်းတွေအတွက် လူမှုဖူလုံရေး ဆေးရုံတွေ နဲ့ ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဆေးရုံကြီး တွေမှာ တက်ရောက် ကုသတဲ့အခါ ဆေးဖိုး ကုန်ကျစရိတ်တွေကို ပြန်လည် ပေးအမ်းမယ့် အပြင် လူမှုဖူလုံရေး ဆေးရုံတွေကို သွားရောက်ကုသရခြင်းအတွက် အသွား /အပြန် ခရီးစရိတ်တွေကိုလည်း လူမှုဖူလုံရေးကဒ်ပြားပြသပြီး ပြန်လည် ထုတ်ယူခွင့်ရှိပါတယ်။ 

ကိုဗစ်ကာလအတွင်း ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ ဇွန်လ ၂၀၂၀ ကနေ လူမှုဖူလုံရေးအာမခံကြေးပေးသွင်းထားတဲ့ ဝန်ထမ်းတွေအနေနဲ့ သတ်မှတ်လစာ (အများဆုံး သုံးသိန်း) ရဲ့ ၄၀ ရာခိုင်နှုန်းကို ရရှိခဲ့ကြတာဖြစ်ပါတယ်။ သုံးသိန်းနဲ့ ပေးသွင်းတဲ့သူတွေက ပထမလှိုင်းမှာ ၇ သောင်းနဲ့ ဒုတိယလှိုင်းမှာ တစ်သိန်းနှစ်သောင်း ရရှိကြပါတယ်။

“နောက်ဆုံး နိဂုံးချုပ်ရင်တော့ Social Security Board ကြေးဆိုတာ တာဝန်နဲ့ ရပိုင်ခွင့်ပဲ။ ရပိုင်ခွင့်တွေ ရှိတယ်။ အဲဒီ ရပိုင်ခွင့်တွေကို ရဖို့ အတွက် ဆောင်ရွက်ရမယ့် တာဝန်တွေရှိတယ်။ ဝန်ထမ်းတွေအနေနဲ့ ပေးဆောင်သင့်တယ်လို့ ယူဆတယ်။ တကယ်လို့ မပေးဆောင်ရင် ဘာဖြစ်မလဲဆိုတော့ တစ်ခုခုများ ထိခိုက်နစ်နာမှုတွေ ရှိခဲ့မယ်ဆိုရင် အလုပ်ရှင် က တာဝန်ယူရမှာပေါ့။ Social Security Board ကြေးသာ ပေးဆောင်ထားမယ်ဆိုရင် အလုပ်သမား လျော်ကြေးဉပဒေနဲ့ ကင်းလွတ်ခွင့်ရပြီးတော့ Social Security Board က တာဝန်ယူဆောင်ရွက်ပေးမှာဆိုတော့ လူမှုဖူလုံရေးကြေးကတော့ အလုပ်သမားတွေ အနေနဲ့ မဖြစ်မနေ ပေးဆောင်သင့်တယ်လို့ ထင်ပါတယ်။” လို့ စလေဦးအောင်မင်းစိန်က ဆက်လက်ပြောပါတယ်။ 

ဝန်ထမ်းတိုင်း ကိုယ် ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေကို သိဖို့အတွက် လေ့လာထားသင့်ပါတယ်။ လူမှုဖူလုံရေးပေးသွင်းတဲ့ ကာလအလိုက် ကိုယ့်ရဲ့ ရပိုင်ခွင့် ၊ ခံစားခွင့်တွေကို ရရှိနိုင်တာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ အလုပ်ရှင်က လူမှုဖူလုံရေးကြေး ပေးသွင်းမှု မရှိခဲ့ရင်တောင် မိမိဘာသာ နေထိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးကို သွားရောက်ပြီး ဘဝအာမခံမှုရရှိအောင် မှတ်ပုံတင်အာမခံကြေးပေးသွင်းကြဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်ထုတ်ခံရသော ဝန်ထမ်းတစ်ယောက် ရရှိသင့်တဲ့ နစ်နာကြေးနဲ့ ရပိုင်ခွင့်များ နဲ့ အိမ်မှာအလုပ်လုပ်နေမယ့် ဝန်ထမ်းတွေအနေနဲ့ ရုံးကနေ မဖြစ်မနေတောင်းဆိုရမယ့်အရာတွေ မှာလည်း ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3qpaCK8 မှာ လျှောက်ထားနိုင်ပါတယ်။




 

Share

Loading Next Article...
က္က