အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့မှာ ဆယ်ကျော်သက်နဲ့ တစ်နှစ်အောက်ကလေးငယ် သေဆုံးမှုတွေ ရှိလာပါတယ်။

ဗြိတိန်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံတွေမှာ COVID-19 ကြောင့် ဆယ်ကျော်သက်နှစ်ဦး သေဆုံးသွားခဲ့ပြီး ရှားပါးတဲ့ဖြစ်ရပ် ဖြစ်တယ်လို့ သိရပါတယ်။

(ဘရပ်ဆဲလ်မြို့မှ အသွားအလာ ရှင်းလင်းနေသည့် လမ်းမတစ်ခု) (Photo: Reuters)

မတ်လ ၃၁ ရက်နေ့က ဘယ်လ်ဂျီယံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်သူတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးမှုဟာ အလွန်ရှားပါးပြီး တုန်လှုပ်စရာဖြစ်ခဲ့ကြောင်း ဘယ်လ်ဂျီယံအစိုးရ ပြောခွင့်ရအမျိုးသား ဒေါက်တာ အီမန်နျူရယ်အန်ဒရီက ပြောပါတယ်။



ဘယ်လ်ဂျီယံ ဆယ်ကျော်သက်မိန်းကလေးဟာ သုံးရက်ကြာ ဖျားနာနေခဲ့ပြီး မသေဆုံးမီမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုမိန်းကလေးဟာ အခြား ကျန်းမာရေးပြဿနာများရှိ မရှိ အပါအဝင် သူမနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

(ဘရပ်ဆဲလ်မြို့မှ ယာယီဆေးကုသရေးနေရာတစ်ခု) (Photo: AFP)

ယခုဖြစ်ရပ်ဟာ ဘယ်လ်ဂျီယံမှာ COVID-19 ကြောင့် ပထမဆုံး ကလေးတစ်ဦး သေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။ ယနေ့ (ဧပြီ ၁ ရက်) မနက်ပိုင်းအထိ ဘယ်လ်ဂျီယံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂,၇၇၅ ဦးနဲ့ သေဆုံးသူ ၇၀၅ ဦးရှိပြီး ပြန်လည်သက်သာသွားသူ အရေအတွက် ၁,၆၉၆ ဦးဖြစ်ကြောင်း သိရပါတယ်။

ဘယ်လ်ဂျီယံမှာကဲ့သို့ပင် ဗြိတိန်နိုင်ငံမှာလည်း COVID-19 ကူးစက်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မတ်လ ၃၀ ရက်နေ့က သေဆုံးခဲ့ပါတယ်။ ဗြိတိန်ဆယ်ကျော်သက် ယောက်ျားလေးဟာ လန်ဒန်မြို့ရှိ King's College ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ဗြိတိန်မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ အသက်အငယ်ဆုံး လူနာလည်းဖြစ်ပါတယ်။

(ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဥ်)(Photo: AFP)

ဆွေမျိုးများက ပြောကြားမှုအရ ၎င်းဟာ ကျန်းမာရေးပြဿနာ မရှိဘူးလို့ ဆိုပါတယ်။ ဗြိတိန်ဆယ်ကျော်သက်ဟာ COVID-19 ရောဂါလက္ခဏာများ စတင်ပြသလာခဲ့ပြီးနောက် အသက်ရှူရခက်ခဲလာပြီး ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က COVID-19 ကူးစက်ခံရတဲ့ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ကျန်းမာရေးဌာနက ပြောပါတယ်။

သို့သော် အဆိုပါ ဆယ်ကျော်သက် သေဆုံးရမှုအကြောင်းရင်းဟာ ရှုပ်ထွေးမှုရှိနေပြီး အခြား အကြောင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာပင် အသက်တစ်နှစ်အောက်နို့စို့အရွယ် ကလေးငယ်တစ်ဦး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

(ဘရပ်ဆဲလ်မြို့မှ ကျန်းမာရေးဝန်ထမ်းအချို့) (Photo: AP)

ချီကာဂိုမြို့မှာ အသက်တစ်နှစ်အောက် ကလေးငယ်တစ်ဦး COVID-19 ကြောင့် သေဆုံးခဲ့ကြောင်း အီလီနွိုက်စ်ပြည်နယ်အုပ်ချုပ်ရေးမှူး JB Pritzker က မတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံများအနက် ဗိုင်းရပ်စ်ကူးစက်ခံမှု အများဆုံးနိုင်ငံဖြစ်လာပြီး ယနေ့ မနက်ပိုင်းအထိ လူဦးရေ ၁၈၈,၅၃၀ ဦးမှာ ကူးစက်ခံထားရပါတယ်။

ဒါ့အပြင့် သေဆုံးသူအရေအတွက်ဟာလည်း ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံထက်ကျော်လွန်ပြီး လက်ရှိအချိန်မှာ ၃,၈၈၉ ဦးအထိ မြင့်တက်လာပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသူ ၇,၂၅၁ ဦးရှိခဲ့ပါတယ်။ COVID-19 ကြောင့် ဆယ်ကျော်သက် သေဆုံးမှုကို ပြင်သစ်မှာလည်း တွေ့ရှိခဲ့ရပါတယ်။

(ပြင်သစ်ဆယ်ကျော်သက်မိန်းကလေး Julie Alliot) (Photo: Daily Mail)

Ile-de-France ဒေသရှိ အသက် ၁၆ နှစ်အရွယ် Julie Alliot အမည်ရှိ ဆယ်ကျော်သက်မိန်းကလေး COVID-19 ကူးစက်ခံရပြီး သေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူ Jerome Salomon က ပြောပါတယ်။ "အသက်ငယ်ရွယ်သူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်ပွားတာ အရမ်းရှားပါတယ်" လို့ Salomon က မှတ်ချက်ပြုပါတယ်။ မတ်လ ၂၉ ရက်နေ့ကလည်း ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့မှာလည်း အသက် ၁၄ နှစ်အရွယ် ဗစ်တာဂေါ့ဒင်ဟိုအမည်ရှိ ယောက်ျားလေးတစ်ဦး ‌သေဆုံးခဲ့တယ်လို့ Daily Mail သတင်းက ပြောပါတယ်။

(ဗစ်တာဂေါ့ဒင်ဟို) (Photo: Newsflash/vitor.godinho.1088)

Johns Hopkins Bloomberg School of Public Health ဖေဖေါ်ဝါရီလလယ်ပိုင်းမှစပြီး COVID-19 စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄,၀၀၀ ကို လေ့လာဆန်းစစ်မှုတွေအရ အသက် ၁၉ နှစ်အောက်အရွယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံပြီး ရောဂါလက္ခဏာပြင်းထန်မှုနဲ့ သေဆုံးမှု ရာခိုင်နှုန်း အလွန်နည်းကြောင်း တွေ့ရှိထားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ယနေ့ မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၈၅၈,၆၇၄ ဦး၊ သေဆုံးသူ ၄၂,၁၅၁ ဦးနဲ့ ပြန်လည်သက်သာသူ ၁၇၈,၀၉၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က