ဥရောပအနောက်ပိုင်းမှာ အပူချိန်များ ဆက်လက် မြင့်တက်နေနိုင်ပါတယ်။

ဥရောပအနောက်ပိုင်းမှာ အပူလှိုင်းကျရောက်နေပြီး ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၄ ရက်) က ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့မှာ အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

(အပူချိန်မြင့်တက်နေသည့် ပါရီမြို့) (Photo: AFP/Getty Images)

ဘယ်လ်ဂျီယံနိုင်ငံ Limburg ပြည်နယ်ရှိ Kleine Brogel မြို့မှာ အပူချိန် ၃၉.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ပြီး ၁၈၃၃ ခုနှစ်မှာ အပူချိန်မှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း အပူဆုံးဖြစ်ခဲ့ပါတယ်။


ထိုသို့ အပူချိန်မြင့်တက်နေစဉ်အတွင်း ဘယ်လ်ဂျီယံမှာ ပြေးဆွဲနေတဲ့ Eurostar အမြန်ရထားတစ်စင်း ချို့ယွင်းမှုဖြစ်ပြီး Halle မြို့အနီး ရပ်တန့်သွားခဲ့ရာ လေအေးပေးစနစ် အလုပ်မလုပ်တော့တဲ့ ရထားတွဲများအတွင်း ခရီးသည် ၆၀၀ ထက်မနည်း ပိတ်မိခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရထားတွဲထဲမှ ခရီးသည်တွေကို ရွှေ့ပြောင်းပေးခဲ့ပြီး အစားထိုး ပြေးဆွဲမယ့်ရထားကို စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

(ဘယ်လ်ဂျီယံမှာ ရထားစီးခရီးသည်များ သောင်တင်ခဲ့စဉ်) (Photo: Kris Hoet)

နယ်သာလန်မှာလည်း နိုင်ငံတောင်ပိုင်း Eindhoven မြို့မှာ အပူချိန် ၃၉.၃ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင် ပူပြင်းခဲ့ပါတယ်။ ထို့အတူ ဂျာမနီနိုင်ငံမှာလည်း ဘယ်လ်ဂျီယံနဲ့နယ်သာလန် နယ်စပ်အနီး Geilenkirchen မြို့ငယ်လေးမှာ အပူချိန် ၄၀.၅ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပြီး အပူချိန် စံချိန်သစ်တင်ခဲ့ပါတယ်။

ဥရောပမှာ အပူချိန်များ အလွန်မြင့်တက်နေစဉ် ပြင်သစ်နိုင်ငံမှာ အပူလှိုင်းကျရောက်မှုနဲ့ ဆက်နွယ်နေခဲ့ဖွယ်ရှိတဲ့ လူငါးဦးသေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ပြင်သစ်မြို့တော် ပါရီမြို့ရဲ့ အပူချိန်ဟာ ၁၉၄၇ ခုနှစ်က စံချိန်တင်ထားတဲ့ အဆိုပါမြို့ရဲ့ အပူချိန် ၄၀.၄ ဒီဂရီဆဲလ်စီးယပ်ကို ယနေ့ (ဇူလိုင် ၂၅ ရက်) ကျော်လွန်မယ်လို့ ခန့်မှန်းထားပါတယ်။

(ပြင်သစ်အနောက်ပိုင်း Loire မြစ် အခြေအနေ) (Photo: AFP/Getty Images)

ပြင်သစ်တစ်နိုင်ငံလုံး အတိုင်းအတာအရ အပူချိန် စံချိန်တင်မြင့်တက်မှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်မှာ ကြုံခဲ့ရပြီး ထိုစဉ်က နိုင်ငံတောင်ပိုင်း Gallargues-le-Montueux ဒေသမှာ အပူချိန် ၄၅.၉ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပါတယ်။

လူဇင်ဘတ်မှာလည်း နိုင်ငံတောင်ပိုင်းနဲ့ မြို့တော်မှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ကို ယနေ့ ကျော်လွန်မြင့်တက်နိုင်တာကြောင့် အပူဒဏ်အန္တရာယ် သတိပေးချက်ကို အနီရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

(ဘာလင်မြို့ရှိ ဘုရားကျောင်းရှေ့ မြင်ကွင်း) (Photo: Reuters)

လတ်တလော အပူလှိုင်းကျရောက်နေတဲ့ ဥရောပအနောက်ပိုင်းမှာ အပူပြင်းဆုံးနေရာတွေကတော့ နယ်သာလန်နိုင်ငံ Brabant ပြည်နယ်နဲ့ ဘယ်လ်ဂျီယံ နယ်စပ်တစ်လျှောက် Limburg ပြည်နယ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဘယ်လ်ဂျီယံမှာ အပူလှိုင်းကျရောက်နေမှုကြောင့် ရာသီဥတု သတိပေးချက်ကို တစ်နိုင်ငံလုံးမှာ အနီရောင်အဆင့် ထုတ်ပြန်ထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ဥရောပနိုင်ငံတွေ ဖြစ်ကြတဲ့ ဗြိတိန်၊ စပိန်၊ ဆွစ်ဇာလန်နဲ့ ဆွီဒင်တို့မှာလည်း အပူချိန်များ မြင့်တက်နေပါတယ်။ ဥရောပနိုင်ငံအချို့ရဲ့ ယနေ့အပူချိန်များအဖြစ် ဗြိတိန်မှာ ၃၉ ဒီဂရီဆဲလ်စီးယပ်၊ ပြင်သစ်မှာ ၄၁ ဒီဂရီဆဲလ်စီးယပ်၊ စပိန်နဲ့ဆွစ်ဇာလန်မှာ ၃၈ ဒီဂရီဆဲလ်စီးယပ်သို့ အသီးသီး မြင့်တက်ရောက်ရှိနိုင်ပါတယ်။

(Soure and Map: BBC Weather/BBC)

ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ လူဇင်ဘတ်နိုင်ငံတွေမှာတော့ ယနေ့ အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီးယပ်သို့ရောက်ရှိကာ အပူချိန်များ စံချိန်သစ်တင်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ထို့အတူ သောကြာနေ့ (ဇူလိုင် ၂၆ ရက်) မှာတော့ ဆွီဒင်နိုင်ငံရဲ့ အပူချိန်ဟာ ၃၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်လာနိုင်ကြောင်းလည်း သိရပါတယ်။

အပူချိန်များ မကြုံစဖူး မြင့်တက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း အမေရိကန်နိုင်ငံ အလယ်တစ်ကြောနဲ့ နယူးယော့ခ်၊ ဝါရှင်တန်၊ အရှေ့ဘက်ကမ်းရိုတန်းရှိ ဘော်စတွန်တို့မှာ အပူလှိုင်းကျရောက်ပြီး လူဦးရေ သန်း ၂၀၀ အထိ အပူချိန်မြင့်တက်မှု ကြုံရနိုင်တယ်လို့ သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က