ဒဏ်ရာရသူတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။

ဟောင်ကောင် ရထားဘူတာရုံတစ်ခုမှာ အစိုးရဆန့်ကျင့်ရေး ဒီမိုကရေစီလိုလားသူတွေနဲ့ ရထားစီးခရီးသည်တွေကို မျက်နှာဖုံးတပ် အမျိုးသားအုပ်စုက တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး ၄၅ ဦး ဒဏ်ရာရပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့သိရပါတယ်။


(ဘူတာရုံမှာ တိုက်ခိုက်ခဲ့သည့် အုပ်စု) (Photo: BBC)

တနင်္ဂနွေနေ့ (ဇူလိုင် ၂၁ ရက်) ညပိုင်းက ဟောင်ကောင်မြို့စွန် Yuen Long ဒေသရှိ MRT (Mass Transit Railway) ရထားဘူတာရုံထဲသို့ အဖြူရောင်တီရှပ် ဝတ်ဆင်ထားပြီး တုတ်များကိုင်ဆောင်ထားသူအုပ်စုက ဝင်ရောက်လာခဲ့ပြီး ရထားတစ်စင်းပေါ်သို့ တက်ရောက်ကာ ခရီးသည်တွေကို တိုက်ခိုက်ခဲ့ကြကြောင်း ရထားစီးသွားလာသူတွေနဲ့ အတိုက်အခံ လွှတ်တော်အမတ် Lam Cheuk-ting တို့ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။



အဆိုပါ တိုက်ခိုက်သူအုပ်စုက အနက်ရောင်အင်္ကျီဝတ်ဆင်ထားသူတွေကို ပစ်မှတ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ အစောပိုင်း ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက အနက်ရောင်အင်္ကျီများ ဝတ်ဆင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

(ဘူတာရုံမှာ တိုက်ခိုက်မှုမြင်ကွင်း) (Photo: screengrab of a video)

ထောင်နဲ့ချီတဲ့ ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက တရုတ်အစိုးရကိုယ်စားလှယ်ရုံးကို ဝိုင်းပတ်ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ယိုဗုံးနဲ့ ရာဘာကျည်ဆန်သုံး ပစ်ခတ်ပြီး လူစုခွဲရန်လုပ်ဆောင်ခဲ့ပါတယ်။

MRT ဘူတာရုံ တိုက်ခိုက်မှုကို Facebook မှာ Live လွှင့်ခဲ့တဲ့ ဗီဒီယိအရ တိုက်ခိုက်သူ အမျိုးသားအုပ်စုက ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ ဂျာနယ်လစ်တွေကို ဘူတာရုံအတွင်းနဲ့ ရထားပေါ်မှာ တုတ်များဖြင့်ရိုက်နှက်နေတာ တွေ့ရပါတယ်။ ထို့နောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာတဝိုက် ကြမ်းပြင်မှာ သွေးကွက်များစွန်းထင်းကျန်နေခဲ့တာလည်း Live ဗီဒီယိုမှာ တွေ့ကြရပါတယ်။

(တုတ်ကိုင်ဆောင်ထားသည့် မျက်နှာဖုံးတပ် အမျိုးသားတစ်ဦး) (Photo: screengrab of a video)

ဘူတာရုံမှာ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ တိုက်ခိုက်ခံရမှုကို ဗီဒီယိုရိုက်ကူးပြီး Facebook မှာ Live လွှင့်ခဲ့သူဟာ ဟောင်ကောင် အွန်လိုင်းသတင်းဌာန Stand News မှ သတင်းထောက် Gwyneth Ho ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ MRT ဘူတာရုံသို့ ရဲတပ်ဖွဲ့ ရောက်ရှိရန်နှောင့်နှေးခဲ့မှုကို ဟောင်ကောင်လွှတ်တေ်ာ အမတ်အချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။ 

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှစပြီး ပေါ်ပေါက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ လူဦးရေသန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး သမိုင်းဝင် ဆန္ဒပြမှုလည်းဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

(MRT ဘူတာရုံမှာ တိုက်ခိုက်ခံရသူတစ်ဦး) (Photo: AFP) 

ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီးနောက် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းဟာ အသက်မဝင်တော့ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သို့သော် ဆန္ဒပြသူတွေကတော့ ထိုဥပဒေမူကြမ်းကို လုံးဝဖျက်သိမ်းပစ်ရန် တောင်းဆိုထားခဲ့ကြပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: Reuters, CNA, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က