ရုရှားမြို့တော် မော်စကိုမြို့မှာ အခမဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ လူအမြောက်အမြားကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် ယနေ့ (ဒီဇင်ဘာ ၅ ရက်) မော်စကိုမြို့တော်ရှိ ဆေးရုံ၊ ဆေးခန်းတွေမှာ စတင်ခဲ့ပြီလို့ ဆိုပါတယ်။

(Photo: Getty Images)

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ခံရမှုအန္တရာယ်မြင့်မားတဲ့ လူအုပ်စုတွေကို ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံက ၎င်းတို့ရဲ့ ပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တရားဝင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးနောက် ယခုအခါ အများပြည်သူကို ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။



Sputnik V ကာကွယ်ဆေးထိုးနှံပေးမှုတွေကို ရုရှားမြို့တော် မော်စကိုမြို့ရှိ ဆေးရုံ၊ ဆေးခန်း ၇၀ မှာ ဆောင်ရွက်ပေးနေပြီး ရုရှားမှာ လူအမြောက်အမြားကို COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း မော်စကို COVID-19 လုပ်ငန်းအဖွဲ့က ပြောခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုတွေကို ဒေသစံတော်ချိန် မနက် ၈ နာရီမှ ည ၈ နာရီအထိ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

(Photo: Vladimir Astapkovich/Sputnik)

ရုရှားထုတ် ကာကွယ်ဆေးကို ဆရာဝန်တွေနဲ့ အခြား ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာများနဲ့ လူမှုရေးဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးနေပါတယ်။ ရုရှားထုတ် ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရန်လိုအပ်ပြီး ပထမအကြိမ်ပြီးနောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်ထိုးရမယ်လို့ ဆိုပါတယ်။

Sputnik V ကာကွယ်ဆေးထိုးနှံပေးရာမှာ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ဆေးထိုးထားသူများ သို့မဟုတ် နှစ်ပတ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားခဲ့သူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးများ မပါဝင်ကြောင်း သိရပါတယ်။

(Photo: BBC)

ရုရှားသမ္မတဗလာဒီမာပူတင်က လူအမြောက်အမြားကို ကာကွယ်ဆေးထိုးနှံမှုများ စတင်လုပ်ဆောင်ရန် ဒီဇင်ဘာ ၂ ရက်နေ့မှာ ညွှန်ကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးနှံမှုတွေ မော်စကိုမြို့တော်မှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုရှားထုတ် Sputnik V ကာကွယ်ဆေးဟာ COVID-19 ကို ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနဲ့ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးမရှိကြောင်း ဆေးထုတ်လုပ်သူတွေက ပြောထားပါတယ်။

သို့သော် ရုရှားကာကွယ်ဆေးဟာ အများပြည်သူကို ထိုးနှံမှုတွေ စတင်ခဲ့ပေမဲ့ လူအများအပြားနဲ့ စမ်းသပ်မှု လုပ်ဆောင်နေဆဲလို့ ဆိုပါတယ်။ ယခုသီတင်းပတ်ကုန်မှာ COVID-19 ကာကွယ်ဆေးထိုးရန် လူဦးရေ ထောင်နဲ့ချီ ကြိုတင်စာရင်းပေးထားပေမဲ့ ရုရှားက ကာကွယ်ရေးအရေအတွက် မည်မျှထုတ်လုပ်နိုင်မယ်လို့ အတိအကျ မသိရသေးပါဘူး။ သမ္မတပူတင်နဲ့ Sputnik V ကာကွယ်ဆေး ထုတ်လုပ်သူတွေကတော့ ယခုနှစ်ကုန်မှာ ဆေးအရေအတွက် ၂ သန်း ထုတ်လုပ်သွားမယ်လို့ ပြောထားပါတယ်။

(Image: Sputnik V Vaccine/Twitter)

ရုရှားမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ဟာ မဖြစ်မနေမဟုတ်ဘဲ မိမိတို့ သဘောဆန္ဒအလျောက် ရွေးချယ်ခွင့်ရှိပါတယ်။ ရုရှားနိုင်ငံသားတွေကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားရန် အစိုးရက စီစဥ်ထားပါတယ်။ နှစ်ကြိမ်ထိုးနှံရတဲ့ ရုရှားထုတ် Sputnik V ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ နိုင်ငံတကာဈေးကွက်မှာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ (မြန်မာကျပ်ငွေ ၁၃,၀၀၀ ဝန်းကျင်) အောက်ဖြစ်ရာ လူတစ်ဦးအတွက် ဒေါ်လာ ၂၀ အောက်(မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

လာမယ့်နှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားမှာ Sputnik V ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်သွားရန် ရည်မှန်ထားကြောင်း ကာကွယ်ဆေးထုတ်လုပ်မှုကို ငွေကြေးထောက်ပံ့ထားတဲ့ RDIF (Russian Direct Investment Fund) အဖွဲ့အစည်းနဲ့ ကာကွယ်ဆေးဖော်စပ်သူတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: Ilya Pitalev/Sputnik )

ရုရှားနိုင်ငံမှာ စက်တင်ဘာလကတည်းက ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့ပေမဲ့ အာဏာပိုင်တွေက တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် ငြင်းပယ်ထားခဲ့ပြီး လိုအပ်တဲ့နေရာတွေမှာသာ ပိတ်ပင်ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ခြင်းဖြင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်း ပြောထားခဲ့ပါတယ်။ ရုရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂.၄၃ သန်းနဲ့ သေဆုံးသူ ၄၂,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၉၁ သန်းရှိကြောင်း သိရပါတယ်။

Share

က္က