ဆင်းရဲတဲ့ နိုင်ငံများရှိ လူဦးရေ ဘီလီယံနဲ့ချီပြီး ကာကွယ်ဆေး မရရှိနိုင်တဲ့ အခြေအနေဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေက ၂၀၂၁ ခုနှစ် နှစ်ကုန်အရောက်မှာ ၎င်းတို့လူဦးရေရဲ့ သုံးဆကျော်နီးပါးကို COVID-19 ကနေ ကာကွယ်ရန် လုံလောက်တဲ့ ကာကွယ်ဆေးအရေအတွက် အလွန်များပြားစွာ ကြိုတင်မှာကြား ဝယ်ယူထားကြကြောင်း ကာကွယ်ဆေး သာတူညီမျှရရှိရေး ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: BBC)

ကာကွယ်ဆေးတွေကို ထိုသို့ အလွန်များပြားစွာ ကြိုတင်ဝယ်ယူထားခြင်းက ဆင်းရဲတဲ့ နိုင်ငံများရှိ လူဦးရေ ဘီလီယံနဲ့ချီပြီး ကာကွယ်ဆေး မရရှိနိုင်တဲ့ အခြေအနေဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ People's Vaccine Alliance အဖွဲ့က ပြောကြားမှုအရ အဆောတလျင် အရေးယူဆောင်ရွက်မှု မရှိပါက ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံ ၇၀ နီးပါးမှာ လူ ၁၀ ဦးလျှင် တစ်ဦးသာ COVID-19 ကာကွယ်ဆေးရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။



ကာကွယ်ဆေးထွက်လာမှုနဲ့အတူ COVID-19 တိုက်ဖျက်ရေး အားရကျေနပ်မှုအပေါ် WHO သတိပေး

နောက်ဆုံးအချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေက အလားအလာအကောင်းဆုံး COVID-19 ကာကွယ်ဆေးအားလုံးရဲ့ ၅၃ ရာခိုင်နှုန်းအထိကို ကြိုတင်ဝယ်ယူထားကြောင်း Amnesty International က ပြောပါတယ်။

(Photo: EPA)

ဈေးနှုန်းသက်သာပြီး သိုလှောင်သယ်ယူရန် ပိုမိုလွယ်ကူတဲ့ ဗြိတိန်နိုင်ငံထုတ် Oxford-AstraZeneca ကာကွယ်ဆေးက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူတွေအတွက် ၎င်းရဲ့ကာကွယ်ဆေး ၆၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပေမဲ့ ဆင်းရဲတဲ့နိုင်ငံများရဲ့ ကာကွယ်ဆေးရရှိနိုင်မှု အခြေအနေကို People's Vaccine Alliance က ထောက်ပြခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေးကို သာတူညီမျှ ရရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း Amnesty International နဲ့ Frontline AIDS ၊ Global Justice Now နဲ့ Oxfam အပါအဝင် အဖွဲ့အစည်းတွေက အစိုးရများနဲ့ ဆေး‌ဝါးထုတ်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်မှု ဉာဏမူပိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြရန် တိုက်တွန်းထားပါတယ်။

(Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ဦးဆောင်ပါဝင်နေတဲ့ COVAX အမည်ရှိ ကာကွယ်ဆေးအစီအစဥ်အရ COVID-19 ကာကွယ်ဆေး သန်း ၇၀၀ ရရှိနိုင်ရန် စီမံဆောင်ရွက်နေပြီး ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံကို ဖြန့်ဖြူးပေးရန် ဖြစ်ပါတယ်။ COVAX ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးအစီအစဥ်ကို လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ပူးပေါင်းပါဝင်ထားပြီး ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးက နှစ်ကာလရှည်ကြာ အာနိသင်ရှိလိမ့်မယ်လို့ အမေရိကန်ကာကွယ်ဆေး အကြီးအကဲ ယူဆ

COVAX အစီအစဥ်ကနေ ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်မှာ ကာကွယ်ဆေး သန်း ၅၀၀ ဖြန့်ဖြူးပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း WHO ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က ပြောထားပါတယ်။ ကနဦး အစီအစဥ်အရ ကျန်းမာရေးဝန်ထမ်းများနဲ့ အသက် ၆၅ နှစ်အထက် အပါအဝင် COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ဖြစ်ပါတယ်။

"ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ၂၀၂၁ ခုနှစ်ကုန်မှာ COVAX အစီအစဥ်အောက်က နိုင်ငံတွေရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်မှာဖြစ်တဲ့ ကာကွယ်ဆေးအရေအတွက် အနည်းဆုံး ၂ ဘီလီယံ ရရှိဖို့ဖြစ်ပါတယ်" လို့ Soumya Swaminathan က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၆၈ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၁.၅၇ သန်းရှိခဲ့ကာ ကူးစက်ခံရသူ ၄၇.၈ ကျော် ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က