အမေရိကန်မှာ Pfizer-BioNTech ကာကွယ်ဆေးကို ရက်ပိုင်းအတွင်း ခွင့်ပြုချက်ပေးမယ်လို့ ခန့်မှန်းထားကြပါတယ်။

အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာန (Food and Drug Administration - FDA) ရဲ့ ပြင်ပ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့က Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးရန် ဒီဇင်ဘာ ၁၀ ရက်နေ့က မဲခွဲထောက်ခံလိုက်ကြောင်း သိရပါတယ်။

(Photo: CNBC)

ပြင်ပ အကြံပေးအဖွဲ့က ထောက်ခံလိုက်ခြင်းဖြင့် FDA အနေနဲ့ အမေရိကန်မှာ COVID-19 ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုချက်ပေးပြီး နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်နိုင်မယ့်လမ်းပွင့်သွားပြီလို့ ဆိုပါတယ်။ FDA က Pfizer ဆေးဝါးကုမ္ပဏီနဲ့ ၎င်းရဲမိတ်ဆက် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်မှာ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် ရက်ပိုင်းအတွင်း ခွင့်ပြုချက်ပေးမယ်လို့ ခန့်မှန်းထားကြပါတယ်။



Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးသင့်ကြောင်း FDA ရဲ့ ပြင်ပ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့မှ အဖွဲ့ဝင် ကျွမ်းကျင်သူတွေက ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ မဲမပေးဘဲနေခဲ့ပါတယ်။ Pfizer က နှစ်ကြိမ်ထိုးရတဲ့ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အသက် ၁၆ နှစ်မှ ၈၅ နှစ်အရွယ် လူတွေမှာ အသုံးပြုခွင့်ပေးရန် FDA ထံ တင်ပြထားခဲ့ပါတယ်။

(Photo: Reuters)

FDA က ပုံမှန်အားဖြင့် ကျွမ်ကျင်းသူတွေပါဝင်တဲ့ ၎င်းရဲ့အကြံပေးအဖွဲ့ရဲ့ အကြံပြုထောက်ခံချက်အတိုင်း လိုက်နာဆောင်ရွက်လေ့ရှိကြောင်း သိရပါတယ်။ အမေရိကန် FDA ရဲ့ အကြံပေးအဖွဲ့က ဗြိတိန်မှာ Pfizer-BioNTech ကာကွယ်ဆေးထိုးသူနှစ်ဦး ဓာတ်မတည့်မှုဖြစ်ခဲ့တဲ့ သတင်းတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အကြံပေးအဖွဲ့က ထောက်ခံမှုအရ FDA က ယခုနောက်ဆုံး ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေမှာ ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ်ကင်းမှု သို့မဟုတ် ထိရောက်မှု ကိစ္စတို့နဲ့ပတ်သက်ပြီး အသစ်ဖော်ပြထားခြင်း မရှိခဲ့ရာ ဗြိတိန်နဲ့ ကနေဒါတိုကဲ့သို့ပင် အမေရိကန်က Pfizer-BioNTech ကာကွယ်ဆေးကို မကြာမီ ခွင့်ပြုချက်ပေးသွားမယ်လို့ ယူဆရပါတယ်။

 

(Photo: AP)

အမေရိကန်တွေအတွက် ခရစ်စမတ်မတိုင်မီ COVID-19 ကာကွယ်ဆေးနှစ်ခု ရရှိလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Alex Azar က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးဟာ COVID-19 ကို ၉၅ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ ကြေညာထားပါတယ်။

Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုအချို့ရှိနေပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးတွေ့ရှိရတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၁၆ သန်းကျော်နဲ့ သေဆုံးသူ ၂၉၉,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်ခံရသူ ၉.၃ သန်းကတော့ ပြန်လည်သက်သာခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ၎င်းရဲ့ သမ္မတသက်တမ်း ပထမဆုံး ရက် ၁၀၀ အတွင်းမှာ အမေရိကန်ပြည်သူ သန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ပြောထားပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ ယခုအခါ ကမ္ဘာ့လူဦးရေ သန်း ၇၀ ကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၁.၆ သန်းရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေအနက်မှ ၄၉ သန်းကျော် ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က