ဘေးအန္တရာယ်ကင်းပြီး COVID-19 ကို ၉၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး COVID-19 ကို ၉၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ရဲ့ ပြင်ပ အကြံပေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

(Photo: David L. Ryan/ Boston Globe/Getty Images)

FDA သိပ္ပံပညာရှင်တွေရဲ့ ယခုထုတ်ပြန်မှုက Moderna ကာကွယ်ဆေးဟာ အမေရိကန်မှာ တရားဝင်ခွင့်ပြုချက်ရ ဒုတိယမြောက် COVID-19 ကာကွယ်ဆေး ဖြစ်လာနိုင်လို့ အဓိပ္ပါယ်ရပါတယ်။ အမေရိကန်မှာ Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်နေ့က ခွင့်ပြုချက်ပေးလိုက်ပြီး အများပြည်သူကို ထိုးနှံပေးမှုတွေ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ စတင်နေခဲ့ပြီ ဖြစ်ပါတယ်။



မကြာမီ ရက်ပိုင်းအတွင်း Moderna ကာကွယ်ဆေးကလည်း အမေရိကန်မှာ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် FDA ခွင့်ပြုချက်ရ ဒုတိယမြောက် COVID-19 ကာကွယ်ဆေး ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို FDA က ခွင့်ပြုချက်မပေးမီကလည်း ပြင်ပ အကြံပေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက အလားတူ ထောက်ခံချက်ပေးခဲ့ကြောင်း သိရပါတယ်။

(Photo: WSJ)

FDA က အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna ရဲ့ ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးရန် ဆွေးနွေးဆုံးဖြတ်မယ့် အစည်းအဝေးတစ်ရပ်ကို လာမယ့် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၇ ရက်) မှာ ပြုလုပ်သွားရန် စီစဥ်ထားပါတယ်။ ထိုအစည်းအဝေးမတိုင်မီ FDA ရဲ့ အကြံပေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက Moderna ကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုဆိုင်ရာ ထောက်ခံချက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Moderna ကာကွယ်ဆေးကို FDA က ခွင့်ပြုချက်ပေးပြီးပါ ၂၄ နာရီအတွင်း ပြည်နယ်များသို့ ဖြန့်ဖြူးပေးပို့မှု စတင်နိုင်မယ်လို့ အမေရိကန် ကာကွယ်ဆေးအစီအစဥ် ဦးဆောင်သူတွေက ဆိုပါတယ်။ FDA က ခွင့်ပြုချက်ပေးပြီးပါက အမေရိကန်မှာ COVID-19 ကာကွယ်ဆေးနှစ်မျိုး (Pfizer-BioNTech နဲ့ Moderna) ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးလုံးဟာ နှစ်ကြိမ်ထိုးရန် လိုအပ်ပါတယ်။ အဆိုပါ ကာကွယ်ဆေးနှစ်မျိုးကို ဥရောပမှာလည်း ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေပါတယ်။ အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေးက COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။

Moderna က အစိုးရတွေအတွက် ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာအတွင်း (မြန်မာကျပ်ငွေ ၃၂,၀၀၀ ကျော်နဲ့ ၄၈,၀၀၀ ကျော်အတွင်း) ဖြင့် ရောင်းချသွားမယ်လို့ ပြောထားပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကတော့ တစ်လုံးလျှင် ၁၈ ဒေါ်လာ (မြန်မာကျပ်ငွေ ၂၃,၀၀၀ ကျော်) ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၆.၉ သန်း၊ သေဆုံးသူ ၃၀၈,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၉.၈ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က