အသက် ၁၆ နှစ်နဲ့အထက် လူတွေမှာ အသုံးပြုနိုင်ကြောင်း ဥရောပဆေးပညာဌာနက ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှာ အသုံးပြုရန် ပထမဆုံး COVID-19 ကာကွယ်ဆေးတစ်မျိုးကို ဥရောပဆေးပညာဌာန (European Medicine Agency - EMA) က ခွင့်ပြုချက်ပေးလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

EMA က Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ခွင့်ပြုချက်ပေးလိုက်တာ ဖြစ်ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို ဗြိတိန်၊ အမေရိကန်နဲ့ ဆော်ဒီအာရေဗျကဲ့သို့ နိုင်ငံတွေမှာ စတင်ထိုးနှံခဲ့ပြီးနောက် ဥရောပသမဂ္ဂကလည်း ဥရောပဒေသတွင်းရှိ လူဦးရေ ၄၄၆ သန်းအတွက် အဆိုပါ ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးလိုက်ပါတယ်။



EMA က ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ဥရောပကော်မရှင်က Pfizer-BioNTech ကာကွယ်ဆေးကို တရားဝင် ခွင့်ပြုချက်ပေးခြင်းကို ထိုနေ့နှောင်းပိုင်းမှာပင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen က ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၁ ရက် ညပိုင်းမှာ တရားဝင် ခွင့်ပြုချက်ပေးသွားမယ်လို့ မျှော်လင့်ကြောင်း သူမရဲ့ Twitte မှာ ရေးသားထားပါတယ်။

ဥရောပသမဂ္ဂရဲ့ EMA က Pfizer-BioNTech ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲ့အထက် လူတွေမှာ အသုံးပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဥရောပနိုင်ငံများသို့ Pfizer-BioNTech ကာကွယ်ဆေး ဖြန့်ဖြူးပေးပို့မှုတွေကို အစောဆုံးအဖြစ် လာမယ့် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၇ ရက်) မှာ စတင်သွားနိုင်ကြောင်းလည်း သိရပါတယ်။ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နဲ့ ဩစတြီးယား အပါအဝင် ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်ရန်ပြင်ဆင်ထားတယ်လို့ ပြောထားပါတယ်။

COVID-19 ကြောင့် သေဆုံးသူ ၃၁၁,၀၀၀ ကျော်ရှိခဲ့တဲ့ ဥရောပဒေသမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပြီး ဂျာမနီ၊ အီတလီနဲ့ နယ်သာလန်ကဲ့သို့ နိုင်ငံတွေမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလကို lockdown သတ်မှတ်ချက်များ ထုတ်ပြန်ထားပါတယ်။ ထိုအတောအတွင်း ဗြိတိန်နိုင်ငံမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ မထိန်းချုပ်နိုင်ဖြစ်နေခဲ့ရာ ဥရောပနိုင်ငံအများအပြားက ဗြိတိန်မှ လေကြောင်းခရီးစဥ်တွေကို ပိတ်ပင်ထားပါတယ်။

Share

Loading Next Article...
က္က