ဂျော်ဂျီယာရဲ့ ရွေးကောက်ပွဲ မဲရလဒ်ဟာ မှန်ကန်ကြောင်း ပြည်နယ်တာဝန်ရှိသူက တုံ့ပြန်ပြောခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရန့်က ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန် ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူကို ဖိအားပေးခဲ့တဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုမှတ်တမ်း အသံဖိုင်မှ အချက်အလက်တွေကို ဝါရှင်တန်ပို့စ်အပါအဝင် အမေရိကန်မီဒီယာက ယမန်နေ့ (ဇန်နဝါရီ ၃ ရက်) မှာ ဖော်ပြခဲ့ကြပါတယ်။

(Brad Raffensperger) (Photo: Brynn Anderson/AP)

နာရီနဲ့ချီကြာတဲ့ ဇန်နဝါရီ ၂ ရက်နေ့ ဖုန်းပြောဆိုမှုအတွင်း ထရန့်က ၎င်းရှုံးနိမ့်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန် လုံလောက်တဲ့ ဆန္ဒမဲများရှာဖွေရန် ဂျော်ဂျီယာရွေးကောက်ပွဲ တာဝန်ရှိသူကို ဖိအားပေးပြောခဲ့ကြောင်း သိရပါတယ်။ "ကျုပ်က မဲ ၁၁,၇၈၀ ရှာချင်တာ" လို့ ထရန့်က ဂျော်ဂျီယာပြည်နယ် တာဝန်ရှိသူ Brad Raffensperger ကို ဖုန်းဆက်သွယ်ပြောခဲ့တယ်လို့ ဆိုပါတယ်။



Brad Raffensperger က ဂျော်ဂျီယာရဲ့ ရွေးကောက်ပွဲ မဲရလဒ်ဟာ မှန်ကန်ကြောင်း တုံ့ပြန်ပြောခဲ့တာကို ဖုန်းပြောဆိုမှုမှတ်တမ်း အသံဖိုင်မှာ ကြားခဲ့ရတယ်လို့ မီဒီယာက ဖော်ပြပါတယ်။ ထရန့်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Twitter မှာ ရေးသားပြောဆိုထားမှုကိုလည်း မမှန်ကန်ကြောင်း ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူ Brad Raffensperger က Twitter မှာ တုံ့ပြန်ထားခဲ့ပါတယ်။

(Image: @GaSecofState/Twitter)

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဂျော်ဂျီယာအပါအဝင် အခြား အရေးပါတဲ့ ပြည်နယ်တွေမှာလည်း အနိုင်ရခဲ့ပြီး Electoral College မဲ ၃၀၆ မဲ ရရှိခဲ့ပါတယ်။ ထရန့်ကတော့ Electoral College မဲ ၂၃၂ မဲ ရရှိပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ရွေးကောက်ပွဲရက်နောက်ပိုင်းကတည်းက ထရန့်ဟာ ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။

ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ အရေးဆိုကန့်ကွက်မှုတွေ လုပ်ခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ တက္ကဆက်ပြည်နယ်က ဦးဆောင်ပြီး အရေးပါတဲ့ ပြည်နယ်တွေရဲ့ မဲရလဒ်တွေကို ပယ်ဖျက်ပေးရန်လည်း တရာရုံးချုပ်ထံ အရေးဆိုခဲ့ရာ ထရန့်ကိုယ်တိုင် ထောက်ခံပါဝင်ခဲ့ပေမဲ့ ပယ်ချခဲ့ကြောင်း သိရပါတယ်။

(ဒေါ်နယ်ထရန့်) (Photo: Getty Images)

ပြည်နယ်အချို့မှာ မဲလက်မှတ်တွေကို ပြန်လည်ရေတွက်ခဲ့ပေမဲ့ ဂျိုးဘိုင်ဒန်ကပင် အနိုင်ရကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရမှုနဲ့ ပတ်သက်ပြီး ထရန့်ဘက်မှ အရေးဆိုကန့်ကွက်မှု ၆၀ ကို အမေရိကန်တရားရုံးတွေက ပယ်ချခဲ့ကြပါတယ်။ ယခုအခါ အမေရိကန်ပြည်နယ် ၅၀ လုံးက ရွေးကောက်ပွဲရလဒ်တွေကို မှန်ကန်ကြောင်း တရားဝင် အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်က ရွေးကောက်ပွဲရလဒ်ကို ဇန်နဝါရီ ၆ ရက်နေ့မှာ တရားဝင် အတည်ပြုသွားမယ်လို့ သိရပါတယ်။ ထို့နောက် ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။

(ဂျိုးဘိုင်ဒန်နှင့် ကမ်မလာဟာရစ်) (Photo: Universal News)

ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ ဂျိုးဘိုင်ဒန်နဲ့အတူ ဒုတိယသမ္မတဖြစ်လာမယ့် အသက် ၅၆ နှစ်အရွယ် ကမ်မလာဟာရစ်ကလည်း အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး ဒုတိယသမ္မတ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အိန္ဒိယနွယ်ဖွား မိခင်နဲ့ ဂျမေကာနွယ်ဖွား ဖခင်တို့မှ မွေးဖွားလာခဲ့သူဖြစ်ရာ ပထမဆုံး အာရှ-အမေရိကန်နဲ့ အာဖရိကန်-အမေရိကန် အမျိုးသမီး ဒုတိယသမ္မတတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က