ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာ့နိုင်ငံ ၅၀ ထက်မနည်းမှာ ပျံ့နှံ့ရောက်ရှိနေခဲ့ပါတယ်။

အိန္ဒိယ ဇီဝနည်းပညာကုမ္ပဏီ Bharat Biotech နဲ့ အစိုးရသုတေသနဌာတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးက ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်ဖွယ်ရှိကြောင်း ကုမ္ပဏီက ယနေ့ (ဇန်နဝါရီ ၂၇ ရက်) ထုတ်ပြန်လိုက်တဲ့ လူ ၂၆ ဦးကို လေ့လာမှုအရ သိရှိရပါတယ်။

(Photo: Business Standard)

အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေး COVAXIN နဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိမှုများကို bioRxiv ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ဖော်ပြထားကြောင်းနဲ့ ၎င်းတို့ကို အပြန်အလှန် သုံးသပ်အတည်မပြုရသေးဘူးလို့ ဆိုပါတယ်။ COVAXIN ကာကွယ်ဆေးကို အိန္ဒိယမှာ အသုံးပြုရန် အရေးပေါ်သုံးအဖြစ် ယခုလအစောပိုင်းက ခွင့်ပြုချက်ပေးခဲ့ပါတယ်။



ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း bioRxiv မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ၎င်းရဲ့မိတ်ဖက် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကလည်း ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်ရပ်စ်အသစ်ကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

(Photo: Getty Images)

ဗြိတိန်မှာစတင်တွေ့ရပြီး ကူးစက်မှုနဲ့ သေဆုံးမှု ပိုမိုဖြစ်စေနိုင်တယ်လို့ ယုံကြည်ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ယခုအခါ ကမ္ဘာ့နိုင်ငံ ၅၀ ထက်မနည်းမှာ ပျံ့နှံ့ရောက်ရှိနေခဲ့ကြောင်းနဲ့ အိန္ဒိယမှာလည်း ထိုဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀ ရှိပါတယ်။ အိန္ဒိယအစိုးရက COVID-19 ကာကွယ်ဆေးထိုးတဲ့အစီအစဥ်ကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ စတင်ခဲ့ပြီး ယခုအချိန်အထိ ကျန်းမာရေးဝန်ထမ်းများကဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်ဆောင်ရွက်နေသူ ၂ သန်းကို ထိုးပေးခဲ့ပြီးဖြစ်ပါတယ်။

အိန္ဒိယမှာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute ကလည်း ဗြိတိန်မှ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူပေါင်းဖော်စပ်ခဲ့တဲ့ COVID-19 ကာကွယ်ဆေးကို Covidshield အမှတ်တံဆိပ်ဖြင့် သန်းနဲ့ချီ ထုတ်လုပ်နေပါတယ်။ အိန္ဒိယရဲ့ ကာကွယ်ဆေးထိုးတဲ့အစီအစဥ်မှာ Covidshield နဲ့ COVAXIN နှစ်မျိုးလုံးကို အသုံးပြုနေတာ ဖြစ်ပါတယ်။

(Photo: Getty Images)

လူဦးရေ ၁.၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယက ယခုနှစ် ဇူလိုင်လမှာ လူဦးရေ သန်း ၃၀၀ ကို COVID-19 ကာကွယ်ဆေးထိုးပြီးဖြစ်ရန် ရည်ရွယ်ထားပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း အမေရိကန်ပြီးလျှင် COVID-19 ကပ်ရောဂါကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၀.၆၉ သန်းနဲ့ သေဆုံးသူ ၁၅၃,၀၀၀ ကျော်ရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



က္က