ထိပ်သီးဆွေးနွေးပွဲ နေ့ရက်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး ထိပ်သီးတွေ့ဆုံမှုကို လာမယ့် စက်တင်ဘာလအတွင်း မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့မှာ ပြုလုပ်သွားကြရန် နှစ်နိုင်ငံ ကိုယ်စားလှယ်တွေက သြဂုတ် ၁၃ ရက်မှာ ဆွေးနွေးသဘောတူညီခဲ့ကြပါတယ်။

ကိုရီးယားနှစ်နိုင်ငံကိုယ်စားလှယ်များ (Photo: Getty Images)



ထိပ်သီးတွေ့ဆုံမှုဟာ လတ်တလောမှာ မြောက်ကိုရီးယားက နျူကလီးယားလက်နက် ဖျက်သိမ်းမယ့်အစီအစဉ်အပေါ် သံသယများ တိုးပွားလာနေသည့်တိုင် ယခင်က ရန်ဘက်နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဦးတည်နေတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ စက်တင်ဘာလအတွင်း ပြုံယမ်းမှာတွေ့ဆုံကြမယ်လို့ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ အတည်ပြု ဖော်ပြထားပါတယ်။

မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ဟာ ယခုနှစ်အတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံမှုကို ဧပြီ ၂၇ ရက်နေ့ တောင်ကိုရီယားဘက်ရှိ Panmunjom ကျေးရွာရှိ Peace House မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကင်မ်ဂျုံအနနဲ့ မွန်ဂျေအင်းတို့ ဧပြီ ၂၇ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ် (Photo: AFP)



ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံမှုမတိုင်မီ မေလ ၂၆ ရက်မှာလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယားဘက်ရှိ နယ်စပ်ဒေသမှာ ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားအစိုးရက မြောက်ကိုရီယားအနေနဲ့ ၎င်းရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အခိုင်အမာ လုပ်ဆောင်သွားရေး ဖျောင်းဖျစည်းရုံးရန် ကြိုးပမ်းနေတယ်လို့ သမ္မတမွန်ဂျေအင်းရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ကင်မ်ဂျုံအန်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ရပ်ဆိုင်းထားမယ်လို့ ကတိပြုခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် အစောပိုင်းမှစပြီး ဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။

ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် ဇွန်လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့စဉ် (Photo: AP)



မြောက်ကိုရီးယားအစိုးရကလည်း သံတမန်ဆက်ဆံရေးကို ပိုမိုအလေးထားလာခဲ့ပြီး အမေရိကန်သမ္မတ ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူမှာ ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်သွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

သို့သော် လက်ရှိအချိန်ထိ မြောက်ကိုရီးယားက နျူကလီးယားလက်နက် ဖျက်သိမ်းမှုကို အမှန်တစ်ကယ် အကောင်အထည်ဖော် လုပ်ဆောင်မှုမရှိသေးရာ မေးခွန်းထုတ်မှုနဲ့ သံသယများလည်း မြင့်တက်လာခဲ့ပါတယ်။

ကင်မ်ဂျုံအန်နှင့် ရှီကျင်းပင် တွေ့ဆုံခဲ့စဉ် (Photo: SCMP)



မြောက်ကိုရီးယားကတော့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်က ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ်တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံဟာလည်း အမေရိကန်ဦးဆောင်တဲ့ အရေးယူပိတ်ဆို့မှုတွေမှာ ပါဝင်ဆောင်ရွက်နေကြောင်း မြောက်ကိုရီယားက ဝေဖန်ခဲ့ပါတယ်။ ပြုံယမ်းမြို့မှာ စက်တင်ဘာလအတွင်း ပြုလုပ်သွားမယ့် မွန်ဂျေအင်းနဲ့ကင်မ်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲ နေ့ရက်ကိုတော့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယား၊ အမေရိကန် သမ္မတများနဲ့အပြင် ယခုနှစ်အတွင်း တရုတ်သမ္မတရှီကျင်းပင်နဲ့လည်း နှစ်ကြိမ် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က