၇ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၇ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၂၉ ရက် ညသန်းခေါင်မှာ ၁၇ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၇ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၆၇၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၀ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ ကူးစက်ခံရသူ ၁၆ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၂၅ ရက်နေ့မှာ ၆၄၄,၄၀၀ ကျော်မှ ၄ ရက်အတွင်း ၂၅,၀၀၀ ကျော်တိုးလာခဲ့ပါတယ်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့မှာ ကူးစက်မှုအသစ်များ သိသိသာသာ တိုးလာနေပါတယ်။

(Photo: Reuters)

လက်ရှိအချိန်အထိ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယတို့ဟာ ကူးစက်မှု သန်းနဲ့ချီ တွေ့ရတဲ့နိုင်ငံ သုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အမေရိကန်မှာ ကူးစက်ခံရသူ ၄. ၅ သန်းကျော်၊ ဘရာဇီးမှာ ၂.၅ သန်းကျော်နဲ့ အိန္ဒိယမှာ ၁.၅ သန်းကျော် စစ်ဆေးအတည်ပြုထားပါတယ်။ COVID-19 ကြောင့် သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာ သေဆုံးသူ ၁၅၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဘရာဇီးက သေဆုံးမှုအများဆုံး ဒုတိယမြောက် နိုင်ငံဖြစ်ပြီး လူဦးရေ ၉၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းမယ့်အစီအစဥ်ကို ဆိုင်းငံ့ထားပြီး အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာတော့ lockdown ပြန်သတ်မှတ်မှုတွေ ရှိလာပါတယ်။ အာရှဒေသမှ ဂျပန်နိုင်ငံမှာ ဇူလိုင် ၂၉ ရက်နေ့ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာသစ် ၁,၂၀၀ ကျော် တွေ့ရှိခဲ့ရပြီး နေ့စဥ် ကူးစက်မှုအသစ်တွေ့ရှိမှု အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: Reuters)

လတ်တလော ကူးစက်မှုတွေ ပြန်မြင့်တက်နေတဲ့ ဟောင်ကောင်မှာလည်း COVID-19 အကြီးစား ကူးစက်မှုဖြစ်စဥ် ဖြစ်ပွားလုနီးနီး အခြေအနေ ကြုံတွေ့နေကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က သတိပေးလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာလည်း သုံးလကြာ ကူးစက်မှုမရှိခဲ့ရာမှ ပြည်တွင်းကူးစက်မှုများ ပြန်တွေ့လာရပြီးနောက် မြို့တိုင်း၊ ပြည်နယ်တိုင်းဟာ ကူးစက်မှုအန္တရာယ်ရှိကြောင်း ဝန်ကြီးချုပ်က ပြောထားပါတယ်။

ဗီယက်နမ်မှာ ပထမဆုံး ကူးစက်မှုအသစ် ပြန်တွေ့ရတဲ့ နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့ကို lockdown အစီအမံများ သတ်မှတ်ထားပါတယ်။ ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရပြီးနောက် ယခုအခါ ဗီယက်နမ်တာဝန်ရှိသူတွေက လူဦးရေ ၈၁,၀၀၀ ကျော်ကို အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရပါတယ်။

(Photo: MediaCorp/CNA)

COVID-19 ကပ်ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဇူလိုင် ၂၇ ရက်မှာ ပြောခဲ့ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေကွေးသွားတဲ့ လက္ခဏာမရှိသေးပါဘူး။ အရှေ့တောင်အာရှဒေသမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက် မနက် ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၅၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၉၄ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၃၀ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၁၂,၃၈၁ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၇၁၅ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က