ဥရောပမှာ COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိရမှုဟာ ပြီးခဲ့တဲ့ ၅ ပတ်အတွင်း နှစ်ဆဖြစ်လာခဲ့ပြီး လက်ရှိမှာ ဒေသတွင်း ကူးစက်ခံရသူ စုစုပေါင်း ၁၀ သန်းကျော်လွန်ပြီဖြစ်ကြောင်း Reuters သတင်းဌာန စာရင်းအရ သိရှိရပါတယ်။
(Photo: Reuters)
ပြီးခဲ့တဲ့ လအတွင်းမှာပင် လက်တင်အမေရိကနဲ့ အာရှ ဒေသတို့မှာလည်း COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်တစ်နိုင်ငံတည်းမှာပင် ကူးစက်ခံရသူ ၉ သန်းကျော် တွေ့ရှိထားပြီး ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
ဥရောပမှာ ကူးစက်ခံရသူ ပထမဆုံး ၅ သန်းပြည့်ရန် ကိုးလနီးပါး ကြာမြင့်ခဲ့ပေမဲ့ နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကတော့ တစ်လကျော်အတွင်းမှာပင် တိုးလာခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ကူးစက်မှု ၄၆.၃ သန်းကျော်ရဲ့ ၂၂ ရာခိုင်နှုန်းခန့်ဟာ ဥရောပဒေသမှ ဖြစ်ပါတယ်။
(Photo: Reuters)
ကမ္ဘာတစ်ဝန်းမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁.၂ သန်းအနက် ၂၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂၆၉,၀၀၀ ကျော်ဟာ ဥရောပမှဖြစ်တယ်လို့ ဆိုပါတယ်။ Reuters က လေ့လာဆန်းစစ်မှုအရ ဥရောပမှာ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ကူးစက်ခံရသူ ၁.၆ သန်းကျော် တိုးလာခဲ့ရာ ထိုကာလအတွင်း ကမ္ဘာတစ်ဝန်း အသစ်တွေ့ရှိရတဲ့ ကူးစက်မှု ၃.၃ သန်းရဲ့ ထက်ဝက်နီးပါးရှိပါတယ်။
ထို့အတူ သေဆုံးသူဦးရေ ၁၆,၁၀၀ တိုးလာခဲ့ပြီး ယခင် သီတင်းပတ်ကထက် ၄၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဥရောပဒေသရှိ လူ ၁၀,၀၀၀ လျှင် ၁၂၇ ဦး ကူးစက်ခံရပြီး လူလေးဦးခန့် သေဆုံးကြောင်း Reuters လေ့လာဆန်းစစ်မှုက ဆိုပါတယ်။ အမေရိကန်မှာတော့ လူ ၁၀,၀၀၀ လျှင် ကူးစက်ခံရသူ ၂၇၈ ဦးနဲ့ သေဆုံးသူ ခုနစ်ဦးနှုန်းဖြစ်ကြောင်းလည်း သိရပါတယ်။
(Photo: Reuters)
ဥရောပဒေသတွင်းမှာ ကူးစက်မှုစုစုပေါင်းရဲ့ သုံးပုံတစ်ပုံနီးပါးကို ဥရောပအရှေ့ပိုင်းမှာ တွေ့ရပြီး အများဆုံးဖြစ်ပါတယ်။ ဥရောပမှာ COVID-19 နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုအများဆုံးဟာ ဥရောပတောင်ပိုင်းမှဖြစ်ပြီး စုစုပေါင်း သေဆုံးမှုရဲ့ ၃၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း Reuters လေ့လာဆန်းစစ်မှုက ဆိုပါတယ်။ ဥရောပအရှေ့ပိုင်းမှာ ရုရှားက ကူးစက်မှုအဆိုးဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၆ သန်းကျော် တွေ့ရှိထားပါတယ်။
ရုရှားရဲ့ နေရာဒေသ ၁၆ ခုရှိ ဆေးရုံကုတင်တွေ ၉၀ ရာခိုင်နှုန်းမှာ COVID-19 လူနာတွေနဲ့ ပြည့်နေခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် Tatiana Golikova က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၈ ရက်) မှာ ပြောထားခဲ့ပါတယ်။ ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။