အီရန်ရဲ့ လက်နက်စနစ်တွေ အလုပ်မလုပ်နိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်က အီရန်နိုင်ငံရဲ့ လက်နက်စနစ်များကို ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သတင်းတွေက ပြောပါတယ်။

(အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်စနစ်များ) (Photo: EPA)

သမ္မတဒေါ်နယ်ထရန့်က အီရန်ကိုတိုက်ခိုက်ရန် ခွင့်ပြုမိန့်ပေးပြီးမှ ပြန်ရုပ်သိမ်းလိုက်တဲ့ ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) မှာ အီရန်ရဲ့လက်နက်စနစ် ကွန်ပျူတာကွန်ရက်ကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ဒုံးပျံနဲ့ ဒုံးကျည်လက်နက် ပစ်လွှတ်ထိန်းချုပ်ရေး ကွန်ပျူတာစနစ်တွေ အလုပ်လုပ်မနိုင် ဖြစ်သွားခဲ့ကြောင်း The Washtington Post သတင်းက ဖော်ပြပါတယ်။



အီရန်က အမေရိကန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့မှုအတွက် တုံ့ပြန်မှုအဖြစ် အီရန်ပစ်မှတ်တွေကို စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ရန် မိနစ်ပိုင်းမျှအလိုမှာ သမ္မတထရန့်က ခွင့်ပြုမိန့်ရုပ်သိမ်းလိုက်ပြီးနောက် ဆိုက်ဘာတိုက်ခိုက်မှုဖြင့် လက်တုံ့ပြန်လိုက်ခြင်း ဖြစ်တယ်လို့ The New York Times က ပြောပါတယ်။

(အမေရိကန်စစ်တပ်ရဲ့ ဆိုက်ဘာဌာနတစ်ခု) (Photo: Business and Oil News)

အီရန်ကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ရန် ရက်သတ္တပတ်အကြာ ပြင်ဆင်ခဲ့ကြောင်းနဲ့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တွေက မီဒီယာတွေကို ပြောကြားမှုအရ အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုကို တုံ့ပြန်ရန်ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ဆိုက်ဘာတိုက်ခိုက်မှုဟာ အီရန်နိုင်ငံရဲ့ Islamic Revolutionary Guard Corps (IRGC) တပ်ဖွဲ့က အသုံးပြုနေတဲ့ လက်နက်စနစ်တွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ IRGC က အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ဇွန်လ ၂၀ ရက်မှာ ပစ်ချခဲ့ပြီး ရေနံတင်သင်္ဘောတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

(အီရန်ရဲ့ အာဏာအရှိဆုံးခေါင်းဆောင် ခါမေနီ) (Photo: EPA)

The Washington Post နဲ့ AP သတင်းဌာ နှစ်ခုလုံးက ဖော်ပြမှုအရ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ လက်နက်စနစ်တွေ အလုပ်မလုပ်နိုင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခု ဆိုက်ဘာတိုက်ခိုက်မှုဟာ အီရန်ရဲ့လက်နက်စနစ်တွေကို အချိန်ကာလတစ်ခုကြာ အသုံးမပြုနိုင်စေရန် ရည်ရွယ်ကြောင်းလည်း The New York Times သတင်းက ပြောပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ အမေရိကန်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ မအောင်မြင်ခဲ့ကြောင်း အီရန်ဆက်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံက ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘောတွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က အစောပိုင်းမှာ ပြောကြားထားပြီး အီရန်ကတော့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံ တနင်္လာနေ့ (ဇွန် ၂၄ ရက်) မှာ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားရန် စီစဉ်ထားပြီး အဓိကကျတဲ့ အရေးယူပိတ်ဆို့မှုတွေ ဖြစ်တယ်လို့ သမ္မတထရန့်က ပြောထားပါတယ်။

(အီရန်က ပစ်ချခဲ့သည့် အမေရိကန် မောင်းသူမဲ့လေယာဉ်) (Photo: US Navy)

အီရန်အနေနဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်မှုကို တားဆီးရန်နဲ့ ၎င်းရဲ့ရပ်တည်ချက်ကို မပြောင်းလဲပါက စီးပွားရေးအရ ဖိအားပေးမှုတွေ ဆက်ရှိနေစေရန်အတွက် အရေးယူပိတ်ဆို့မှုတွေ ချမှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ထရန့်ကဆိုပါတယ်။ တစ်ချိန်တည်းမှာပင် အီရန်နဲ့ ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်းလည်း သမ္မတထရန့်က စနေနေ့ (ဇွန် ၂၂ ရက်) မှာ ပြောခဲ့ပါတယ်။

"အီရန်က ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်ချင်တယ်ဆိုရင် ကျွန်တော့်အတွက် အဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ တစ်ကယ်လို့ ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်အတွင်း နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ သူတို့ စဉ်းစားတယ်ဆိုရင် ချမ်းသာကြွယ်ဖို့ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး၊ အီရန်ကို ချမ်းသာကြွယ်ဝတဲ့ ပြန်ဖြစ်အောင်လုပ်ရအောင်ပါ" လို့ သမ္မတထရန့်က ဆိုပါတယ်။

(အိုမန်ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံရသည့် ရေနံတင်သင်္ဘော) (Photo: Reuters)

ယမန်နှစ်အတွင်း အမေရိကန်က အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားအရေး သဘောတူညီမှုကနေ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေခဲ့ပြီး လက်ရှိ အခြေအနေတွေအရ တင်းမာမှုတွေ ဆက်လက် မြင့်တက်နေနိုင်ကြောင်း သတင်းတွေက သုံးသပ်ထားပါတယ်။

အမေရိကန်က ပင်လယ်ကွေ့သို့ USS Abraham Lincoln လေယာဉ်တင်စစ်သေင်္ဘာ၊ ကုန်းရေနှစ်သွယ် တိုက်ခိုက်နိုင်တဲ့ USS Arlington စစ်သင်္ဘော၊ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့နဲ့ စစ်သားထောင်နဲ့ချီပြီး စေလွှတ်ချထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က