တရုတ်အစိုးရက ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။

တရုတ်တပ်ဖွဲ့တွေအနေနဲ့ လိုအပ်လာပါက ဟောင်ကောင်မှာ ငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းရေး ကြားဝင်ကူညီဆောင်ရွက်နိုင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

(တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wu Qian) (Photo: AP)

တရုတ်အစိုးရက ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ အထူးသဖြင့် တနင်္ဂနွေနေ့ (ဇူလိုင် ၂၁ ရက်) က တရုတ်ဆက်ဆံရေးရုံးကို အစွန်းရောက်လူအုပ်စုက ဆူပူဆန္ဒပြ ဖျက်ဆီးခဲ့ချိန်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wu Qian က ပြောပါတယ်။



"သက်ဆိုင်ရာဌာနတွေက ဒီကိစ္စအပေါ် ထင်မြင်သုံးသပ်ချက်တွေပေးထားပြီး ဖြစ်ပါတယ်၊ ဒီလုပ်ရပ်တွေက ဗဟိုအစိုးရဲ့ သြဇာအာဏာနဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုး အခြေခံသဘောတရားကို စိန်ခေါ်တာပါ၊ သူတို့ကို သည်းမခံနိုင်ပါဘူး" လို့ Wu Qian က တရုတ်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေး စက္ကူဖြူစာတမ်း ထုတ်ဖော်ကြေညာမှု သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

(ဆန္ဒပြသူများက တရုတ်ဆက်ဆံရေးရုံးကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့စဉ်) (Photo: AFP)

ယခု အခြေအနေအပေါ် တရုတ်အစိုးရက မည်သို့ တုံ့ပြန်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သတင်းထောက်တစ်ဦးက Wu Qian ကို မေးမြန်းခဲ့ရာမှာတော့ ၎င်းက တရုတ်နိုင်ငံရဲ့ ဟောင်ကောင်မြို့စောင့်တပ်ဥပဒေ (Hong Kong Garrison Law) အခန်း ၃၊ အပိုဒ်ခွဲ ၁၄ မှာ လုပ်ဆောင်နိုင်တဲ့ပမာဏတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

အဆိုပါ ဥပဒေမှာ ဖော်ပြထားမှုအရ ဟောင်ကောင်အနေနဲ့ ငြိမ်ဝပ်ပိပြားရေးနဲ့ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးမှာ လိုအပ်လာပါက တရုတ်အစိုးရထံမှ အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။

(ဇူလိုင် ၂၁ ရက် ဟောင်ကောင်ဆန္ဒပြပွဲမြင်ကွင်းတစ်ခု) (Photo: AFP)

မတည်မငြိမ်ဖြစ်နေတဲ့ ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ကို စေလွှတ်ချထားပြီ ကိုင်တွယ်ဆောင်ရွက်မယ့် ဖြစ်နိုင်ခြေအပေါ် တရုတ်အစိုးရက ယခုကဲ့သို့ လူသိရှင်ကြား ပြောဆိုမှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံက ဟောင်ကောင်ကို တရုတ်လက်အောက်သို့ ပြန်လွှဲပေးခဲ့ပြီးနောက်ပိုင်း PLA က ဟောင်ကောင်မှာ မြို့စောင့်တပ်ဖွဲ့ချထားခဲ့ပါတယ်။ သို့သော် တရုတ်တပ်ဖွဲ့တွေက ပုံမှန်အားဖြင့် ဟောင်ကောင်မှာ မထင်မရှားသာ နေထိုင်ကြပြီး ပြည်သူလူထုကြားမှာလည်း စစ်ဝတ်စုံဖြင့် မြင်တွေ့ရမှုရှားပါးကြောင်း သိရပါတယ်။

(ဟောင်ကောင် Stonecutters ကျွန်း ရေတပ်စခန်းဖွင့်ပွဲမှ PLA စစ်သားများ) (Photo: Reuters)

ဟောင်ကောင်လွှတ်တော်နဲ့ တရုတ်ဆက်ဆံရေးရုံးကဲ့သို့ အဆောက်အအုံတွေ အပြင်ဘက်မှာ တရုတ်တပ်ဖွဲ့များကို ဖြန့်ကျက်ချထားသွားမယ်လို့ အင်္ဂါနေ့ (ဇူလိုင် ၂၃ ရက်) က အွန်းလိုင်းမှာ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ရာ ဟောင်ကောင်အစိုးရက မဟုတ်မှန်ကြောင်း ပယ်ချခဲ့ပါတယ်။ "ဒီလို ပြောဆိုနေမှုတွေ လုံးဝ အခြေအမြစ် မရှိပါဘူး" လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတဲ့ ဟောင်ကောင်မှာ တနင်္ဂနွေနေ့ (ဇူလိုင် ၂၁ ရက်) ကလည်း တရုတ်အစိုးရ ဆက်ဆံရေးရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ကာ ထိပ်တိုက်တွေ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။

(ဟောင်ကောင်ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲစဉ်) (Photo: AFP)

ထိုနေ့ညပိုင်းမှာတော့ ဟောင်ကောင်အစိုးရကို ဆန္ဒပြသူများအား Yuen Long ဒေသရှိ MRT (Mass Transit Railway) ရထားဘူတာရုံမှာ အဖြူရောင်တီရှပ် ဝတ်ဆင်ထားပြီး တုတ်များကိုင်ဆောင်ထားသူအုပ်စုက တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ 

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှစပြီး ပေါ်ပေါက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ လူဦးရေသန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး သမိုင်းဝင် ဆန္ဒပြမှုလည်းဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီးနောက် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းဟာ အသက်မဝင်တော့ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သို့သော် ဆန္ဒပြသူတွေကတော့ ထိုဥပဒေမူကြမ်းကို လုံးဝဖျက်သိမ်းပစ်ရန် တောင်းဆိုထားခဲ့ကြပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: CNA, Reuters, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က