တစ်ကြိမ်မက ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ခံရပြီးနောက် လူတွေမှာ ဗိုင်းရပ်စ်ကို အကာအကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းများရှိထားမှု ပမာဏဟာ အလျင်အမြန် ကျဆင်းသွားကြောင်း သုတေသီတွေက ပြောပါတယ်။

(Photo: Getty Images)

ထိုအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရဖူးတွေမှာ ကိုယ်ခံစွမ်းအားရှိမှုဟာ တဖြည်းဖြည်း ပျောက်ဆုံးသွားမယ်လို့ ယူဆရပြီး တစ်ကြိမ်မက ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ပဋိပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်မှုကို ဟန့်တားပေးပါတယ်။



Imperial College London မှ အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာမှုအရ လူအများအပြားထံမှာ ပဋိပစ္စည်းများရှိနေခဲ့မှုဟာ ဇွန်လနဲ့ စက်တင်ဘာလကြား ၂၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ တွေ့ခဲ့ရပါတယ်။ REACT-2 လေ့လာမှုအရ အင်္ဂလန်မှာရှိတဲ့ လူဦးရေ ၃၅၀,၀၀၀ ကို ပဋိပစ္စည်းစစ်ဆေးခဲ့ကြပါတယ်။ ပထမအကြိမ် စစ်ဆေးမှုကို ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းမှာ ပြုလုပ်ခဲ့ရာ လူ ၁,၀၀၀ အနက် ၆၀ ဦးထံမှာ ပဋိပစ္စည်းများ တွေ့ရှိခဲ့ရပါတယ်။

(Photo: Amer Ghazzal/Shutterstock)

သို့သော် ယခုနောက်ဆုံးစစ်ဆေးမှုကို စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့ရာမှာတော့ လူ ၁,၀၀၀ အနက် ၄၄ ဦးထံမှာသာ ပဋိပစ္စည်းများရှိတော့ကြောင်း လေ့လာတွေ့ရှိခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ ထိုတွေ့ရှိမှုအရ ပဋိပစ္စည်များရှိတဲ့ လူဦးရေအများအပြားထံမှာ သုံးလကျော်အတွင်း ပဋိပစ္စည်းပမာဏလျော့ကျသွားခဲ့တယ်လို့ ညွှန်ပြနေပါတယ်။

"ကိုယ်ခံစွမ်းအား (ပဋိပစ္စည်းတွေ) က လျင်မြန်စွာ ကျဆင်းနေပါတယ်၊ စစ်ဆေးပြီးနောက် သုံးလပဲရှိသေးတဲ့အချိန်မှာ ပဋိပစ္စည်းပမာဏက ၂၆ ရာခိုင်နှုန်း ကျဆင်းသွားတာ တွေ့ရတယ်" လို့ ယခုလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ ဟယ်လင်ဝက်ဒ်က ပြောပါတယ်။

(Photo: Vipin Kumar/Hindustan Times/Getty)

ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပဋိပစ္စည်းပမာဏ ကျဆင်းသွားမှုဟာ ငယ်ရွယ်သူတွေနဲ့ နှိုင်းယှဥ်ကြည့်လျှင် အသက် ၆၅ နှစ်အထက် လူတွေမှာ ပိုမိုတွေ့ရတယ်လို့ ဆိုပါတယ်။ ထို့အတူ ရောဂါလက္ခဏာမပြသူတွေထံမှာ ပဋိပစ္စည်းပမာဏ ကျဆင်းမှုဟာ COVID-19 ရောဂါဖြစ်သူတွေထက် ပိုမိုကြောင်းလည်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ရကြောင်း ပါတယ်။

နှိုင်းယှဥ်လေ့လာမှုအရ ပဋိပစ္စည်းများရှိနေတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်ဟာ အခြားသူတွေထက် မြင့်မားနေကြောင်းနဲ့ ၎င်းတို့ဟာ ဗိုင်းရပ်စ်နဲ့ ပုံမှန်ထိတွေ့နေရတာကြောင့် ထိုကဲ့သို့ ပဋိပစ္စည်းများပိုရှိနေခြင်း ဖြစ်နိုင်ကြောင်း သုတေသီတွေက ယူဆကြပါတယ်။ ယခင်ကလည်း King's College London မှ သုတေသီတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က နေပြန်ကောင်းလာတဲ့ COVID-19 လူနာတွေရဲ့ ဗိုင်းရပ်စ် ပြန်မကူးစက်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို လေ့လာခဲ့ကြဖူးပါတယ်။

(Photo: SkyNews)

ထိုလေ့လာမှုအရလည်း ကူးစက်ခံရသူတွေထံမှာ သုံးလအတွင်း ပဋိပစ္စည်းပမာဏ ကျဆင်းသွားခြင်း သို့မဟုတ် မရှိတော့ခြင်းကို တွေ့ရှိခဲ့ပါတယ်။ King's College London လေ့လာမှုကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့သူတွေထံမှာ ကိုယ်ခံစွမ်းအား (ကိုရိုနာဗိုင်းရပ်စ်ခံနိုင်ရည်ရှိမှု) ဟာ လပိုင်းအတွင်း ပျောက်ဆုံးသွားနိုင်ကြောင်း ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရဖူးသူတွေ နောက်တစ်ကြိမ် ပြန်ကူးစက်ခံရတဲ့ ဖြစ်ရပ်တွေကို အမေရိကန်ဒတ်ချ်၊ ဘယ်လ်ဂျီယံနဲ့ ဟောင်ကောင်တို့မှာ တွေ့ရှိခဲ့ရကြောင်း အတည်ပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က