COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားတဲ့ လက္ခဏာ မရှိသေးပါဘူး။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) ညပိုင်းမှာ ၄၆ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအကြာမှာ ကမ္ဘာတစ်ဝန်း လူဦးရေ ၄၆ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁၉ သန်းကျော် (၁,၁၉၅,၉၄၅ ဦး) သေဆုံးခဲ့ပြီး ၃၃.၃ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ ၄၅ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ၁,၁၈၆,၂၄၃ ဦးမှ ၃ ရက်အတွင်း ၉,၇၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AFP)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၄၆ သန်းကျော်အနက် ၁၁.၅ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၉.၃ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၃၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကူးစက်ခံသူ နောက်ထပ် ၉၁,၂၉၅ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးစံချိန်သစ် ထပ်တင်ခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ နေ့အလိုက်ကူးစက်မှု ပျမ်းမျှ ၄၈,၀၀၀ ဝန်းကျင် တိုးလာနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈.၁ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၂၁,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အိန္ဒိယမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်းအရေအတွက် တိုးလာနေပေမဲ့ ကူးစက်မှုနှုန်းကျဆင်းမယ့်ဘက်ကို ဦးတည်‌နေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၅ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၅၉,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း အောက်တိုဘာ ၂၈ ရက် စာရင်းတွေအရ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူဦးရေဟာ ပထမဆုံးအကြိမ် ၅၀၀,၀၀၀ ကျော် ထပ်တိုးလာခဲ့ပြီး တစ်ရက်အတွင်း အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ကမ္ဘာ့မြောက်ခြမ်း နိုင်ငံတွေမှာ နေ့အလိုက် ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုး မြင့်တက်နေမှုနဲ့အတူ ကမ္ဘာတစ်ဝန်း ကူးစက်မှုကလည်း စံချိန်တင် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း နေ့စဥ် ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မပြည့်မီကထက် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ယခင်က တစ်ကမ္ဘာလုံး နေ့အလိုက် COVID-19 ကူးစက်ခံရသူဦး‌ရေ ၄၀၀,၀၀၀ ဖြစ်လာခဲ့မှုကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလလယ်မှာ စံချိန်တင် တွေ့ရှိထားခဲ့ပါတယ်။

(Photo: Reuters)

တစ်ကမ္ဘာလုံး ကူးစက်မှုရဲ့ ၆၆ ရာခိုင်နှုန်းကျော်နဲ့ သေဆုံးမှု ၇၆ ရာခိုင်နှုန်းကျော်ဟာ ဥရောပ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့မှ ဖြစ်ပါတယ်။ ဥရောပမှာ နေ့အလိုက် ကူးစက်မှုတွေ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နှစ်ဆဖြစ်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း ကူးစက်မှုအသစ် ၂၅၀,၀၀၀ တိုးလာခဲ့ကြောင်း Reuters စာရင်းက ဖော်ပြပါတယ်။ ဥရောပဒေသမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၉.၅ သန်းခန့်နဲ့ သေဆုံးသူ ၂၆၁,၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။

ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်ပြင်သစ်ဂျာမနီအီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အာရှဒေသမှာလည်း စနေနေ့ (အောက်တိုဘာ ၂၄ ရက်) က COVID-19 ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၁၀ သန်းကျော်လွန်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီးများအနက် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာ ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၂၁၀ ဦးနဲ့ သေဆုံးသူ ၁၈ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၅၂,၇၀၆ ဦး၊ သေဆုံးသူ ၁,၂၃၇ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၂,၇၇၄ ဦးနဲ့ ကုသနေရဆဲ ၁၈,၆၉၅ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က