အင်္ဂလန်ကို lockdown သတ်မှတ်မယ့် အစီအစဥ်နဲ့ ပတ်သက်ပြီး ဂျွန်ဆင်က လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဗြိတိန်မှာ COVID-19 ကြောင့် သေဆုံးမှုတွေဟာ နွေဦးရာသီအတွင်း ကူးစက်မှုပထမလှိုင်း ဖြစ်ပွားခဲ့စဥ်ကထက် ဆောင်းရာသီကာလမှာ နှစ်ဆဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က လွှတ်တော်အမတ်တွေကို ပြောကြားလိုက်ပါတယ်။

(Photo: Justin Tallis/AFP)

ဝန်ကြီးချုပ်ဂျွန်ဆင်က ကြာသပတေးနေ့ (နိုဝင်ဘာ ၅ ရက်) မှစပြီး အင်္ဂလန်တစ်နိုင်ငံလုံးကို သီတင်းလေးပတ်ကြာ ဒုတိယအကြိမ် lockdown သတ်မှတ်မယ့် အစီအစဥ်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းက လွှတ်တော် (House of Commons) မှာ ရှင်းလင်းတင်ပြခဲ့ရာ lockdown ကလွဲပြီး အခြားရွေးချယ်စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။



သို့သော် lockdown စီမံဆောင်ရွက်မှုအရ လူတွေကို အိမ်မှာနေရန် ညွှန်ကြားချက်မထုတ်ပြန်မီ ၎င်းအနေနဲ့ ဖြစ်နိုင်သမျှ ရွေးချယ်စရာတွေရှိခဲ့မှုအပေါ် ဝန်ကြီးချုပ်ဂျွန်ဆင်က ရှင်းချက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ လေဘာပါတီက ဝန်ကြီးချုပ်ရဲ့ lockdown အစီအစဥ်ကို ထောက်ခံခဲ့ပေမဲ့ နှောင့်နှေးမှုအပေါ် ဝေဖန်ခဲ့ပါတယ်။

(Photo: The Guardian)

လေဘာပါတီခေါင်းဆောင် Keir Starmer က အင်္ဂလန်မှာ lockdown လုပ်ရန် နှောင့်နှေးခြင်းက အသက်တွေဆုံးရှုံးလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ စကော့တလန် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် Douglas Ross ကတော့ ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ ဗဟိုချုပ်ကိုင်မှုလွန်ကဲတယ်လို့ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဂျွန်ဆင်ကတော့ ၎င်းရဲ့ lockdown စီမံဆောင်ရွက်မှုအပေါ် လွှတ်တော်မှာ ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဂျွန်ဆင်က ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ ကိုယ်ကာယလေ့ကျင့်ရေးခန်းမများ၊ မရှိမဖြစ်မဟုတ်တဲ့ ဆိုင်များနဲ့ ဝတ်ပြုဆုတောင်းနေရာများကို ပိတ်ထားမှုအပါအဝင် အင်္ဂလန်တစ်နိုင်ငံလုံးကို lockdown သတ်မှတ်မယ့် အစီအစဥ်အား စနေနေ့ (အောက်တိုဘာ ၃၁ ရက်) မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဥ်အတွင်း ကြေညာခဲ့ပါတယ်။

(Photo: AP)

အင်္ဂလန်မှာ ဒုတိယအကြိမ် lockdown စီမံဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဂျွန်ဆင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာမှာ "သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်ခန့်မှန်းမှုအရ ယခု ဆောင်ရွက်မှုမပြုလျှင် ဆောင်းရာသီကာလအတွင်း COVID-19 ကြောင့် သေဆုံးမှုဟာ ပထမလှိုင်းကထက် နှစ်ဆ သို့မဟုတ် ထိုထက်ပိုပြီး အခြေအနေဆိုးနိုင်ကြောင်း" ပြောကြားရန်ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ကြုံတွေ့နေရတဲ့ ကိန်းဂဏန်းတွေအရ နောက်ထပ် တစ်နိုင်ငံလုံးအတိုင်အတာ ကန့်သတ်ချက်တွေ စီမံဆောင်ရွက်ရန်ကလွဲပြီး အခြားရွေးချယ်စရာ မရှိကြောင်း ဂျွန်ဆင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ လွှတ်တော်အမတ်အချို့ကတော့ lockdown သတ်မှတ်တဲ့ ယခု ဆုံးဖြတ်ချက်ကို စောစီးစွာ ချမှတ်သင့်တယ်လို့ ယုံကြည်ကြခြင်းကို ဝန်ကြီးချုပ်ဂျွန်ဆင်က လက်ခံခဲ့ပါတယ်။

(Photo: AFP)

အင်္ဂလန်မှာ Lockdown ကာလအတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချခွင့်ပြုထားမှာဖြစ်ပေမဲ့ အရက်ဆိုင်၊ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကို ပိတ်ထားမယ်လို့ သိရပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ဆိုင်တွေကိုတာ့ ဆက်လက် ဖွင့်ထားမှာဖြစ်ပါတယ်။ lockdown ကာလအတွင်း ပညာသင်ကြားရန်၊ နေအိမ်မှ အလုပ်မလုပ်နိုင်တာကြောင့် အလုပ်သွားရန်၊ နေအိမ်ပြင်ပ လေ့ကျင့်ခန်းလုပ်ရန်၊ ဆေးကုသရန်၊ အစားအစာနဲ့ မရှိမဖြစ် ပစ္စည်းများဝယ်ရန်၊ အခြားလူများကို ကျန်းမာရေးစောင့်ရှောက်ရန်တို့အတွက်ကိုတော့ ချွင်းချက်ဖြင့် နေအိမ်ပြင်ပ သွားလာခွင့်ပြုထားမယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရရဲ့ ယခု lockdown စီမံဆောင်ရွက်မှုဟာ နွေဦးရာသီမှာ သတ်မှတ်ခဲ့တဲ့ ပထမအကြိမ် အင်္ဂလန်တစ်နိုင်ငံလုံး lockdown ကဲ့သို့ မဟုတ်ဘဲ ကျောင်းတွေနဲ့ ကောလိပ်တွေကို ဆက်ဖွင့်ထားမယ်လို့ ဆိုပါတယ်။ အင်္ဂလန်တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ရခြင်းနဲ့ ပတ်သက်ပြီး မိမိတို့သာမဟုတ်ဘဲ ဥရောပရှိ အခြားနိုင်ငံတွေမှာလည်း lockdown အစီအမံတွေ လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးချုပ်ဂျွန်ဆင်က အောက်တိုဘာ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြခဲ့ပါတယ်။

(Photo: Oli Scarff/AFP via Getty Images)

Lockdown သတ်မှတ်လိုက်ပေမဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဆက်လက် ယှဥ်ပြိုင်ကစားခွင့် ပြုထားမယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၁,၉၁၅ ဦး တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဗြိတိန်မှာသာမကဘဲ ဥရောပတစ်လွှားမှာ ကူးစက်မှုတွေ လတ်တလော မြင့်တက်နေခဲ့ပါတယ်။ ဥရောပမှာ COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိရမှုဟာ ပြီးခဲ့တဲ့ ၅ ပတ်အတွင်း နှစ်ဆဖြစ်လာခဲ့ပြီး လက်ရှိမှာ ဒေသတွင်း ကူးစက်ခံရသူ စုစုပေါင်း ၁၀ သန်းကျော်လွန်ပြီဖြစ်ကြောင်း Reuters သတင်းဌာန စာရင်းအရ သိရှိရပါတယ်။

(Photo: PA)

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ကူးစက်မှု ၄၆.၃ သန်းကျော်ရဲ့ ၂၂ ရာခိုင်နှုန်းခန့်နဲ့ သေဆုံးသူအရေအတွက် ၁.၂ သန်းအနက် ၂၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂၆၉,၀၀၀ ကျော်ဟာ ဥ‌ရောပမှဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဥရောပဒေသရှိ လူ ၁၀,၀၀၀ လျှင် ၁၂၇ ဦး ကူးစက်ခံရပြီး လူလေးဦးခန့် သေဆုံးကြောင်း Reuters လေ့လာဆန်းစစ်မှုက ဆိုပါတယ်။

ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။

Share

Loading Next Article...
က္က