ရွေးကောက်ပွဲရလဒ်အပေါ် တင်းမာမှုတွေ တိုးလာနေပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ သမ္မတဒေါ်နယ်ထရန့်ကို အားပေးထောက်ခံသူ ထောင်နဲ့ချီပြီး စနေနေ့ (နိုဝင်ဘာ ၁၄ ရက်) က စုရုံးဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လိမ်လည်မှုရှိခဲ့ကြောင်း ထရန့်ရဲ့ အထောက်အထားမဲ့ ပြောဆိုမှုများကို ထောက်ခံကြောင်းပြသမှုအဖြစ် ထိုသို့ စုံရုံးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဆန္ဒပြသူတွေက ဂေါက်ရိုက်ရန်သွားရောက်တဲ့ သမ္မတယာဥ်တန်းကို စုရုံးနှုတ်ဆက်ခဲ့ကြပါသေးတယ်။



အိမ်ဖြူတော်မှထွက်ခွာပြီးနောက် ဒေါ်နယ်ထရန့် လုပ်နိုင်တာတွေ ...

Proud Boys ၊ Oatyh Keepers နဲ့ QAnon အပါအဝင် လက်ယာစွန်းရောက်နဲ့ အစိုးရဆန့်ကျင်ရေးအုပ်စုတွေက နိုဝင်ဘာ ၁၄ ရက် စုရုံးချီတက် ဆန္ဒပြမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ထရန့်ကိုထောက်ခံသူတွေက နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက သမ္မတအိမ်ဖြူတော်အရှေ့ဘက်ရှိ Freedom Plaza အနီးမှာ စုရုံးချီတက် ဆန္ဒပြမှုကို စတင်ခဲ့ကြကြောင်း သိရပါတယ်။

ထရန့်ကိုထောက်ခံကြောင်း စုရုံးဆန္ဒပြပွဲကို Million MAGA March ၊ March for Trump နဲ့ Stop the Steal DC စတဲ့ မတူညီတဲ့ အမည်တွေပေးထားကြပါတယ်။ MAGA မှာ ထရန့်ရဲ့ နိုင်ငံရေးကြွေးကြော်မှုစာသား "Make America Great Again" ရဲ့ အတိုကောက်လည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲရလဒ်အပေါ် တင်းမာမှုများ တိုးလာနေပါတယ်။

ထရန့်ကို ထောက်ခံဆန္ဒပြမှုအား တန်ပြန်ဆန္ဒပြမှုလည်းရှိခဲ့ပြီး နှစ်ဘက်အချင်းများမှုအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်အရှုံးဆုံးဖြတ်တဲ့ ပြည်နယ်အလိုက် Electoral College မဲ ၅၃၈ မဲအနက် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ၃၀၆ မဲရရှိပြီး အနိုင်ရရခဲ့ကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ခန့်မှန်းဖော်ပြခဲ့ပါတယ်။

ထရန့်ကတော့ Electoral College မဲ ၂၃၂ မဲရရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ဖြစ်တဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။

အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာမယ့် 'လူလတ်တန်းစားဂျိုး'

Electoral College မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိတာ ဖြစ်ပါတယ်။ ယခုနောက်ဆုံး အမေရိကန်မီဒီယာက ဖော်ပြထားမှုအရ ဂျိုးဘိုင်ဒန်က Electoral College မဲ ၂၇၀ ထက် များစွာကျော်လွန်ရရှိပြီး အနိုင်ရရှိထားတာ တွေ့ရပါတယ်။

သမ္မတထရန့်ကတော့ လက်ရှိအချိန်အထိ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးပါဘူး။ ထရန့်က အဓိက ပြည်နယ်တွေမှာ ဥပဒေကြောင်းအရ အရေးဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်း အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။ သို့သော် ၎င်းရဲ့ အားထုတ်မှုတွေဟာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကလည်း ထရန့်ရဲ့ စွပ်စွဲပြောဆိုမှုကို ပယ်ချခဲ့ပြီး အမေရိကန်သမိုင်းမှာ ၂၀၂၀ သမ္မတရွေးကောက်ပွဲဟာ လုံခြုံမှုအရှိဆုံးဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ "မဲပေးစနစ်က မဲတွေကို ပယ်ဖျက်ခဲ့တာ သို့မဟုတ် ပျောက်ဆုံးခဲ့တာ၊ မဲတွေပြောင်းလဲခဲ့တာ သို့မဟုတ် တစ်နည်းနည်းနဲ့ ခြယ်လှယ်ခဲ့တာမျိုး သက်သေအထောက်အထားမရှိဘူး" လို့ သက်ဆိုင်ရာ ကော်မတီက ကြေညာခဲ့ပါတယ်။

ထရန့်က ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၎င်းအတွက် မဲအရေအတွက် ၂.၇ သန်း ပယ်ဖျက်ခံခဲ့ရကြောင်း အထောက်အထားမဲ့ ပြောဆိုခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ထိုသို့ ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ အစဥ်အလာအရ ရီပတ်ဘလစ်ကင်တို့ အသာရခဲ့တဲ့ ဂျော်ဂျီယာနဲ့ အာရီဇိုးနားကဲ့သို့ ပြည်နယ်တွေမှာပါ ဒီမိုကရက်တို့က အနိုင်ရခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

Share

Loading Next Article...
က္က