ပြည်နယ်လေးခုရဲ့ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ပေးရန် တက္ကဆက်ပြည်နယ်က တရားရုံးချုပ်ထံ လျှောက်ထားတင်ပြခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရန့်နဲ့ ပြည်နယ် ၁၇ ခုက အမေရိကန်တရားရုံးချုပ်ထံ ပြည်နယ်လေးခုရဲ့ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ပေးရန် တက္ကဆက်ပြည်နယ်က ဥပဒေကြောင်းအရ အရေးဆိုတင်ပြမှုကို ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်) မှာ ထောက်ခံပါဝင်ခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတထရန့်က ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားသလို နိုင်ငံတကာခေါင်းဆောင် အများစုကလည်း အသိအမှတ်ပြုထားကြပါတယ်။ သို့သော် သမ္မတထရန့်က ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လက်ရှိအချိန်အထိ ဝန်ခံခဲ့ခြင်းမရှိသေးဘဲ ၎င်းအနိုင်ရကြောင်း Twitter မှာ ဆက်တိုက် ပြောဆိုနေခဲ့ပါတယ်။



ယခုအခါမှာတော့ ထရန့်က တရားသူကြီး ကိုးဦးပါဝင်တဲ့ တရားရုံးချုပ်ထံသို့ သမ္မတအနေဖြင့် ရွေးကောက်ပွဲရလဒ်ကိစ္စမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုရန် တင်ပြတောင်းခံခဲ့ပါတယ်။ ထရန့်ဟာ အင်္ဂါနေ့ (ဒီဇင်ဘာ ၈ ရက်) က ရီပတ်ဘလစ်ကင် ကြီးစိုးထားတဲ့ တက္ကဆက်ပြည်နယ်က ဂျော်ဂျီယာ၊ မီချန်ဂန်၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေရဲ့ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ပေးရန် ဥပဒေကြောင်းအရ အ‌ရေးဆိုရာမှာ တရားလိုတစ်ဦး ဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

ယခုကိစ္စမှာ ထရန့်ကို တရားဥပဒေကြောင်းအရ အရေးဆိုမှုမှာ ပါဝင်ခွင့်ပြုလိုက်ပါက လက်ရှိသမ္မတက အမေရိကန်ရဲ့ အမြင့်ဆုံး တရားရုံးကို ပြည်နယ်လေးခုရဲ့ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ပေးရေး အဆုံးအဖြတ်ပေးရန် လျှောက်ထားမှုဖြစ်လာပြီး သာမန်ထက်ထူးခြားတဲ့ အခြေအနေလို့ ဆိုပါတယ်။

ပြည်နယ် ၁၇ ခုမှ ရှေ့နေတွေကို မစ်ဆူရီပြည်နယ်ရဲ့ ရှေ့နေချုပ် Eric Schmitt က ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ တရားရုံးချုပ်အနေနဲ့ ယခုအမှုကိစ္စကို ကြားနာရန်လည်း တိုက်တွန်းခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ တက္ကဆက်ပြည်နယ်ရဲ့ အရေးဆိုမှုဟာ အောင်မြင်နိုင်တဲ့ အခွင့်အရေး အနည်းငယ်သာရှိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

(Image: Donald J. Trump/Twitter)

တက္ကဆက်နဲ့အတူ မစ်ဆူရီ၊ အလာဘားမား၊ အာကင်ဆက်၊ ဖလော်ရီဒါ၊ အင်ဒီယာနာ၊ ကန်းဆက်၊ လူဝီစီးယားနား၊ မစ္စစ္စပီ၊ မွန်တာနာ၊ နီဘရာစကာ၊ မြောက်ဒါကိုတာ၊ အိုကလာဟိုးမား၊ တောင်ကာရိုလိုင်းနား၊ တောင်ဒါကိုတာ၊ တင်နက်ဆီ၊ ယူတားနဲ့ အနောက်ဗာဂျီးနီးယား ပြည်နယ်တို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ထိုပြည်နယ်အားလုံးကို ရီပတ်ဘလစ်ကင်တွေက ကိုယ်စားပြုပြီး ဥပဒေကြောင်းအရ အရေးဆိုခဲ့ကြပြီး ပြည်နယ်သုံးခုမှလွဲပြီး ကျန်ပြည်နယ်အားလုံးရဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ရီပတ်ဘလစ်ကင်တွေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်အရှုံးကို Electoral College က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မဲခွဲအတည်ပြုသွားမှာကိုလည်း ရွေ့ဆိုင်းထားရန် တက္ကဆက်ပြည်နယ်က တရားရုံးချုပ်ထံ တင်ပြတောင်းဆိုခဲ့ပါတယ်။ ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ၎င်းအနိုင်ရရှိခဲ့တာဖြစ်ကြောင်းနဲ့ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း ထရန့်က အထောက်အထား မပြသနိုင်ဘဲ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။ ရွေးကောက်ပွဲတာဝန်ရှိသူတွေက သမ္မတထရန့်ရဲ့ ပြောဆိုမှုတွေကို ပယ်ချထားပြီး ထိုသို့ မဲလိမ်လည်မှု အထောက်အထား မတွေ့ရှိရကြောင်း ပြောခဲ့ပါတယ်။

(Photo: AP)

ဂျော်ဂျီယာ၊ မီချီန်၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝစ်ကွန်ဆင် ပြည်နယ်တို့မှ တာဝန်ရှိသူတွေက တက္ကဆက်ပြည်နယ်ရဲ့ ဥပဒေကြောင်းအရ အရေးဆိုမှုဟာ ဒီမိုကရေစီကို အလေးမထားတဲ့ စော်ကားတိုက်ခိုက်မှုဖြစ်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ ယခုနှစ် အမေရိကန်သမ္မရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ပြည်နယ်တစ်ခုချင်းစီးရဲ့ Electoral College မဲ စုစုပေါင်း ၃၀၆ မဲဖြင့် အနိုင်ရရှိပြီး ထရန့်ကတော့ ၂၃၂ မဲ ရရှိခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

သမ္မတတာဝန်အလွှဲအပြောင်းကိစ္စကို တာဝန်ယူဆောင်ရွက်ရတဲ့ အမေရိကန်ပြည်ထောင်စုဌာနက လွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ အကြောင်းကြားထားခဲ့ကြောင်း သိရပါတယ်။ General Services Administration (GSA) အကြီးအကဲ အမ်မလီမာဖီက သမ္မတလွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီလို့ ဂျိုးဘိုင်ဒန်ထံသို့ စာရေးသားပေးပို့ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

(Photo: Getty Images)

မာဖီနဲ့ သူမရဲ့အဖွဲ့ကို ကနဦး လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး လိုအပ်တာများ လုပ်ဆောင်ရန် ထောက်ခံခွင့်ပြုလိုက်ကြောင်းနဲ့ ၎င်းရဲ့အဖွဲ့ကိုလည်း အလားတူ လုပ်ဆောင်ရန် ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထိုစဥ်က Twitter မှာ ပြောထားပါတယ်။ ယခုနောက်ဆုံး အခြေအနေတွေအရ အမေရိကန်သမ္မရွေးကောက်ပွဲရလဒ်ဟာ ထရန့် အလိုရှိနေတဲ့အတိုင်း အပြောင်းအလဲဖြစ်လာနိုင်မလား ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က