ကူးစက်မှုတွေဟာ ကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားမှာ မဟုတ်သေးဘဲ နှစ်နဲ့ချီကြာ ဆက်ရှိနေအုံးမယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။

နှစ်စဥ်နှစ်တိုင်းမှာ ကမ္ဘာတစ်ဝန်းက စိတ်ဝင်တစား စောင့်ကြည့်ကြရတဲ့ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့တဲ့ သတင်းဖြစ်ရပ်တွေ ဖြစ်လေ့ရှိပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ အရင်နှစ်တွေနဲ့မတူပဲ တစ်ကမ္ဘာလုံးကို စိုးရိမ်ပူပန်မှုတွေ၊ စိတ်ရှုပ်ထွေးစရာ အဆင်မပြေမှုတွေ၊ ဝမ်းနည်းပူဆွေးစရာတွေ၊ ပဟေဠိတွေအပြည့်နဲ့ မကြုံစဖူး ဂယက်ရိုက်ခတ်နေခဲ့ပြီး စိတ်ဝင်တစား စောင့်ကြည့်ကြရတဲ့ အကြောင်းအရာ သို့မဟုတ် ကမ္ဘာကို လှုပ်ခတ်စေခဲ့ပြီး ဆက်လက် ကိုင်လှုပ်နေဆဲသတင်းက တစ်ခုတည်းလို့ပင် ဆိုချင်ပါတယ်။ ဒါကတော့ အားလုံးသိကြတဲ့ COVD-19 ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါပဲ။



ကိုဗစ်ဂယက်များ

၂၀၂၀ မှာ တစ်ကမ္ဘာလုံးက အခြား အခြားသော သတင်းတွေအားလုံးထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ COVID-19 ကပ်ရောဂါဖြစ်ပွားမှု သတင်းတွေကို နေ့စဥ်နဲ့အမျှ စိုးရိမ်စိတ်နဲ့အတူ တစ်နှစ်ပတ်လုံး စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြရပြီး ကပ်ရောဂါဂယက်ရိုက်ခတ်မှုက ပုံမှန် လူနေမှုဘဝတွေကို အပြောင်းအလဲများစွာ ဖြစ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ နေ့စဥ် ကူးစက်ဖြစ်ပွားမှု အခြေအနေ ကိန်းဂဏန်းတွေကို စောင့်ကြည့်ကြရတာကလည်း ပုံမှန်အလုပ်တစ်လို ဖြစ်နေခဲ့ပါတယ်။ ကူးစက်မှုတွေကို ရေခဲဖုံးလွှမ်းနေပြီး သုတေသနလုပ်ငန်းအတွက်သာ လူတွေ စခန်းချနေထိုင်ကြတဲ့ ကမ္ဘာ့တောင်ဝင်ရိုးစွန်းမှ အန္တာတိကတိုက်မှာပါ တွေ့ရှိလာရမှုနဲ့အတူ ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်လုံးသို့ COVID-19 က ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ COVID-19 ကူးစက်မှုတွေဟာ လှိုင်းများပမာ တစ်ကြိမ်မက ဖြစ်ပွားနေခဲ့ပါတယ်။ ပထမဆုံး ကူးစက်မှုလှိုင်းကို ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံတွေဟာလည်း နောက်ထပ် ကူးစက်မှုလှိုင်းတွေ တစ်ကျော့ပြန် မြင့်တက်လာမှုကို မထိန်းချုပ်နိုင်ဖြစ်ပြီး ရုန်းကန်ရတဲ့ အခြေအနေတွေ ကြုံနေခဲ့ရပါတယ်။

COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ရေး လူအချင်းချင်း ထိတွေ့မှုများ လျှော့ချရန်အတွက် နိုင်ငံအသီးသီးမှာ နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှုများ ကန့်သတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဈေးစသဖြင့်တို့ကို ပိတ်ပင်ခြင်း၊ နိုင်ငံများကြား ကူးလူးသွားလာမှု ပိတ်ပင်ရန် လေကြောင်းလိုင်းနဲ့ အခြား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်နားခြင်း၊ နယ်စပ်များပိတ်ထားခြင်းကဲ့သို့ စီမံဆောင်ရွက်မှုတွေ အပါအဝင် lockdown အစီအစဥ်များ လုပ်ဆောင်နေခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ဘီလီယံနဲ့ချီပြီး lockdown အခြေအနေမှာ နေထိုင်ခဲ့ကြရကာ ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ မြင်ကွင်းတွေကိုလည်း နိုင်ငံအသီးသီးမှာ မြင်တွေ့ခဲ့ရသလို ဝမ်းနည်းကြေကွဲစရာ အဖြစ်တွေလည်း များစွာရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဘာသာရေးဆိုင်ရာ နေရာများ၊ ပွဲအခမ်းအနားများ၊ မင်္ဂလာပွဲများ၊ မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေ ဆုံတွေ့မှုများ၊ ဖျော်ဖြေပွဲများ၊ အားကစားပွဲများ စသဖြင့်တို့ဟာလည်း ဖျက်သိမ်းရွှေ့ဆိုင်းခဲ့ကြရ ပိတ်ထားခဲ့ကြရပြီး အွန်လိုင်းမှတစ်ဆင့်သာ ကျေနပ်ဖြေသိမ့်ခဲ့ကြရပါတယ်။

COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်ကျဆင်းမှုတွေအပြင် ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲတေမှု အခြေအနေမှာ နေထိုင်ကြရတဲ့ လူဦးရေက သန်းနဲ့ချီ ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ အချို့နိုင်ငံတွေမှာ COVID-19 ဂယက်ကြောင့် အလုပ်လက်မဲ့နှုန်း စံချိန်တင် မြင့်တက်လာခဲ့သလို ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါရဲ့ အစ

COVID-19 ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းမှာ စတင်တွေ့ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေ အပါအဝင် သားစိမ်းငါးစိမ်းတွေ ရောင်းချနေတဲ့ ဝူဟန်မြို့ရှိ ဈေးတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့ရပြီး တိရိစ္ဆာန်ကနေ လူကို ကူးစက်သွားခဲ့ဖွယ်ရှိတယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

သို့သော် အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့မှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ဓာတ်ခွဲခန်းကနေ စတင်ပျံ့နှံ့လာခဲ့တာဖြစ်ကြောင်း ယူဆပြောဆိုခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ဟာ ထိုဓာတ်ခွဲခန်းမှာ လူသို့ကူးစက်သွားခဲ့ရာမှ နောက်ထပ် ကူးစက်ပျံ့နှံ့မှုတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုတို့က ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ဟာ ဝူဟန်ဓာတ်ခွဲခန်းမှဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေအမှန်ကို တရုတ်အစိုးရက ဖုံးကွယ်ခဲ့‌ကြောင်း ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ တရုတ်ကတော့ ထိုပြောဆိုမှုတွေကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်လာခဲ့ကြရာ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ကြား ထင်မြင်ယူဆချက်ကိုယ်စီဖြင့် အပြန်အလှန် အပြစ်တင်ကာ ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့များထံမှာ စတင်ခဲ့ပြီးနောက် အခြား နို့တိုက်သတ္တဝါများမှတစ်ဆင့် လူတွေကို ကူးစက်သွားနိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ယူဆမှုတွေလည်း ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ နိုင်ငံတကာမှ သိပ္ပံပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို သိရှိနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်တွေက ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ဆက်စပ်သတင်းများ ရေးသားခဲ့တဲ့ စီတင်ဇင်ဂျာနယ်လစ်အချို့ကို ဖမ်းဆီးစွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကူးစက်ဖြစ်ပွားမှုများ

တရားဝင် ထုတ်ပြန်မှုတွေအရ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တွေ့ရှိခဲ့ခြင်းဖြစ်ရာ ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုဟာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ လက်ရှိအချိန်အထိ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၈၁ သန်းကျော် COVID-19 ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၁.၇၇ သန်းကျော်ရှိခဲ့ကာ ရောဂါကနေ ပြန်လည်သက်သာသူ ၅၇.၄ သန်းကျော်ရှိခဲ့ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုတွေဟာ တရုတ်နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပေမဲ့ ယခုအချိန်မှာတော့ တရုတ်ပြည်မကြီးအတွင်း ကူးစက်မှုအခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ရဲ့ နေ့စဥ် ကူးစက်ခံရသူ တိုးလာတဲ့အရေအတွက်ဟာ ကူးစက်မှုဆိုးရွားနေတဲ့ နိုင်ငံတွေနဲ့ယှဥ်ကြည့်ရင် များစွာလျော့နည်းပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးတွေ့ရတဲ့ နိုင်ငံက အမေရိကန်ဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၉ သန်းကျော်မှာ ကူးစက်ခဲ့ပြီး သေဆုံးသူ ၃၄၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်ပြီးလျှင် အိန္ဒိယမှာ ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ ဘရာဇီးမှာ ၇.၄ သန်းကျော် တွေ့ရှိထားပြီး ကူးစက်မှုအများဆုံး သုံးနိုင်ငံအဖြစ် အစဥ်လိုက်ရပ်တည်နေပါတယ်။

COVID-19 ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံများအဖြစ် အမေရိကန်မှာ ၃၄၁,၀၀၀ ကျော်၊ ဘရာဇီးမှာ ၁၉၁,၀၀၀ ကျော်နဲ့ အိန္ဒိယမှာ ၁၄၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့တစ်ဝန်းမှာ ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံရှိပြီး နိုင်ငံ ၄ နိုင်ငံမှာ သေဆုံးသူဦးရေ သိန်းနဲ့ချီရှိခဲ့ပါတယ်။

COVID-19 ဟာ တစ်နှစ်အတွင်း ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေဒေသကို ၂၂၀ မှာ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာတော့ ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေကို ဗြိတန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားတို့မှာ စတင်တွေ့ခဲ့ရပြီးနောက် ယခုအခါ စုစုပေါင်း နိုင်ငံအရေအတွက် ၁၅ ခုထက်မနည်းမှာ ကူးစက်မှုများ တွေ့ရှိလာရပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရမှုနဲ့အတူ ကူးစက်မှုတွေကို မထိန်းချုပ်နိုင်မယ့်အရေး ကမ္ဘာ့နိုင်ငံများကြား စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

တုံ့ပြန်ဆောင်ရွက်မှုများ

COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး နိုင်ငံအသီးသီးက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်နေခဲ့ကြပါတယ်။ ယခုလက်ရှိမှာလည်း ထိန်းချုပ်နိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆက်လက် ကြိုးပမ်းနေကြရဆဲဖြစ်ပြီး ကိုဗစ်အန္တရာယ်ကို သတိကြီးစွာထားနေရဆဲ ဖြစ်ပါတယ်။ နိုင်ငံအတော်များများက ပိတ်ပင်ကန့်သတ်တဲ့ lockdown အစီအစဥ်တွေကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေခဲ့ကြပြီး အချို့နိုင်ငံတွေမှာ lockdown ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြမှုတွေ၊ ဆူပူအုံကြွမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

အချို့နိုင်ငံတွေက တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ခြင်း၊ ညမထွက်ရအမိန့်ထုတ်ခြင်းတို့ဖြင့် အသွားအလာကန့်သတ်ရန် ကြိုးပမ်းကြပါတယ်။ ကူးစက်မှုမြင့်တက်တဲ့ နေရာဒေသတွေမှာပဲ lockdown သတ်မှတ်ဆောင်ရွက်တဲ့ နိုင်ငံတွေလည်းရှိပါတယ်။ COVID-19 ကူးစက်မှု ရှာဖွေဖော်ထုတ်ရာမှာတော့ ကူးစက်ခံ အတည်ပြုလူနာတွေကို သီးခြားခွဲ ကုသပေးပြီး ၎င်းတို့နဲ့ ထိတွေ့မှုရှိသူတွေကို အသွားအလာကန့်သတ်ကာ သီးခြားခွဲနေထိုင်စေခြင်း၊ ကူးစက်ခံထားရခြင်းရှိ မရှိ ဗိုင်းရပ်စ်စစ်ဆေးခြင်းတို့ဖြင့် ကိုင်တွယ်ဆောင်ရွက်ကြပါတယ်။

တရုတ်နိုင်ငံက ပြည်တွင်းကူးစက်မှု ပြန်တွေ့လာရတဲ့ မြို့တွေမှာ တစ်မြို့လုံးရှိ လူဦးရေအားလုံးကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ အလျင်အမြန် လုပ်ဆောင်ခြင်းဖြင့် ကူးစက်မှုထိန်းချုပ်ရန် ဆောင်ရွက်ပါတယ်။ နိုင်ငံအများအပြားကတော့ ကူးစက်မှုအစုအဝေး တွေ့ရှိရတဲ့နေရာမှာ လူအစုလိုက်အပြုံလိုက်ကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်ကြပါတယ်။ ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ နေရာဒေသမှ လာရောက်သူတွေကို အနည်းဆုံး ၁၄ ရက်ကြာ အသွားအလာကန့်သတ် နေထိုင်စေခြင်းဖြင့်လည်း ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။

ထို့အတူ ကူးစက်မှုတွေ မြင့်တက်နေတဲ့ နေရာဒေသကို အခြားနေရာတွေနဲ့ အသွားအလာပိတ်ပင်ပြီး lockdown လုပ်ထားမှုတို့ဖြင့်လည်း တုံ့ပြန်ဆောင်ရွက်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တတ်နိုင်သမျှ အိမ်မှာပင်နေကြရတဲ့ Stay at Home အမိန့်ညွှန်ကြားချက်ဖြင့် ကူးစက်မှုထိန်းချုပ်ရန် လုပ်ဆောင်နေခဲ့ပြီး COVID-19 အတည်ပြုလူနာတွေကို သတ်မှတ်ဆေးရုံတွေနဲ့ ကုသရေးစင်တာများ ဖွင့်လှစ်ကာ ကုသပေးနေပါတယ်။

အတည်ပြုလူနာနဲ့ ထိတွေမှုရှိသူတွေကိုလည်း ကွာရန်တင်းစင်တာများ စီစဥ်ဖွင့်လှစ်ပြီး အသွားအလာကန့်သတ်ထားရှိကာ ဗိုင်းရပ်စ်စစ်ဆေးပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် မတ်လအတွင်း ပထမဆုံး COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့ရပြီးနောက် ကူးစက်မှုနဲ့ သေဆုံးမှုများ သိသာစွာ မြင့်တက်ဖြစ်ပွားခြင်း မရှိခဲ့ပါဘူး။

သို့သော် ဩဂုတ်လနှောင်းပိုင်းမှာတော့ ပြည်တွင်းကူးစက်မှုများ ပြန်မြင့်တက်လာခဲ့ပြီး နောက်ပိုင်းမှာ နေ့စဥ်နဲ့အမျှ ကူးစက်ခံရသူ ထောင်နဲ့ချီ တိုးလာနေခဲ့ကာ သေဆုံးသူကလည်း ကိန်းဂဏန်း ၂ လုံးအရေအတွက် ဖြစ်နေခဲ့ပါတယ်။ ယခု ၂၀၂၀ နှစ်ကုန်ပိုင်း ရက်တွေမှာတော့ မြန်မာနိုင်ငံရဲ့ နေ့အလိုက် ကူးစက်မှုနှုန်း လျော့ကျလာခဲ့ပြီး ကွာရန်တင်းစင်တာအချို့ကို ပိတ်သိမ်းခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ်အချို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုတွေမှာ Stay at Home ပယ်ဖျက်ခဲ့ပါတယ်။

ကာကွယ်ဆေးမျှော်လင့်ချက်များ

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ရပ်တန့်နိုင်ရေးအတွက် ကာကွယ်ဆေးပေါ်လာခြင်းက ထိရောက်တဲ့ ဆောင်ရွက်ချက်ဖြစ်လာမယ်လို့ တစ်ကမ္ဘာလုံးက မျှော်လင့်ထားခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေ၊ ဇီဝနည်းပညာကုမ္ပဏီတွေ၊ အစိုးရအသီးသီးနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ကာကွယ်ဆေးရရှိရန် အဆောတလျင် ကြိုးပမ်းခဲ့ကြပါတယ်။

တစ်နှစ်နီးပါးကြာ အပြင်းအထန် ကြိုးပမ်းခဲ့ကြပြီးနောက် ယခု ၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ ဘေးအန္တရာယ်ကင်းပြီး COVID-19 ကို ၇၀ ရာခိုင်နှုန်းကျော်ကနေ ၉၅ ရာခိုင်နှုန်းကြား ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ ရုရှား၊ အစ္စရေး အစရှိတဲ့ နိုင်ငံတွေနဲ့ ဥရောပမှာ အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်နေခဲ့ပါပြီ။

ကမ္ဘာတစ်ဝန်း ထုတ်လုပ်ထားကြတဲ့ ကာကွယ်ဆေးတွေအနက် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေးကို ဗြိတိန်၊ အမေရိကန်၊ ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့မှာ စတင်ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာလည်း Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုရန် ခွင့်ပြုချက်ရရှိထားပါတယ်။

နောက်ထပ် COVID-19 ကာကွယ်ဆေးများအဖြစ် အမေရိကန်မှ Moderna နဲ့ Johnson & Johnson (J&J)၊ ဗြိတိန်မှ Oxford-AstraZeneca ၊ ရုရှားထုတ် Sputnik V ၊ တရုတ်ထုတ် Sinopharm ၊ Sinovac ၊ CAS ရဲ့ ZF2001 အစရှိတဲ့ ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ အခြေစိုက်တဲ့ အိန္ဒိယနိုင်ငံမှာလည်း COVID-19 ကာကွယ်ဆေး ၈ မျိုးထက်မနည်းကို ထုတ်လုပ်နေသလို ဂျာမနီမှာလည်း ကာကွယ်ဆေးသုံးမျိုး ထုတ်လုပ်စမ်းသပ်နေပါတယ်။

အရှေ့တောင်အာရှမှ ဗီယက်နမ်နိုင်ငံကလည်း ကာကွယ်‌ဆေး ၄ မျိုး ထုတ်လုပ်ထားပြီး တစ်မျိုးကို လူတွေမှာ ထိုးနှံစမ်းသပ်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယမှာ နှာခေါင်းအတွင်းသို့ဖြန်းရတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နိုင်ရန် လေ့လာနေကြပါတယ်။

ကာကွယ်ဆေးတွေ အသီးသီးပေါ်လာကြတော့မှာ ဖြစ်ပေမဲ့ COVID-19 ထိန်းချုပ်ရေး ကျန်းမာရေးစည်းမျဥ်းတွေကို အလေးထား လိုက်နာဆောင်ရွက်မှုတွေ လိုအပ်နေအုံးမယ်လို့ WHO နဲ့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်ကဲ့သို့ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကာကွယ်ဆေးတွေကို မြောက်မြားစွာ ကြိုတင်ဝယ်ယူထားမှုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ ကာကွယ်ဆေးရရှိရန် မသေချာတဲ့ အခြေအနေ ကြုံနေရတယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

ဆင်းရဲချမ်းသာကွာဟမှုနဲ့ ကိုဗစ်ကာကွယ်ဆေး

WHO ကတော့ အခြား မိတ်ဖက်အဖွဲ့အစည်းနှစ်ခုနဲ့ ပူးပေါင်းပြီး ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် COVID-19 ကာကွယ်ဆေးရရှိရေး COVAX အစီအစဥ်ဖြင့် ဦးဆောင်ကြိုးပမ်းနေပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေဟာ ကာကွယ်ဆေးရရှိရန် နှစ်နဲ့ချီပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေက COVID-19 ကာကွယ်ဆေးတွေ အလွန်များပြားစွာ ကြိုတင်ဝယ်ယူထားခြင်းကြောင့် ဆင်းရဲတဲ့ နိုင်ငံများရှိ လူဦးရေ ဘီလီယံနဲ့ချီပြီး ကာကွယ်ဆေး မရရှိနိုင်တဲ့ အခြေအနေဖြစ်နိုင်ကြောင်း သတိပေးမှုတွေလည်း ရှိခဲ့ပါတယ်။ People's Vaccine Alliance အဖွဲ့က ပြောကြားမှုအရ အဆောတလျင် အရေးယူဆောင်ရွက်မှု မရှိပါက ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံ ၇၀ နီးပါးမှာ လူ ၁၀ ဦးလျှင် တစ်ဦးသာ ကာကွယ်ဆေးရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မည်သို့ဆိုစေ လာမယ့် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအများအပြားက အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်လာနိုင်ကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

၂၀၂၀ မှာ ချန်ထားခဲ့လို့မရသေးတဲ့ ကိုဗစ်

မကြာမီ ရက်ပိုင်းမှာ ၂၀၂၀ ခုနှစ် ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မှာပါ။ ဒါပေမဲ့ ၂၀၂၀ နှစ်ဟောင်းမှာ ချန်ထားခဲ့လို့မရတဲ့ အရာတွေထဲ COVID-19 က အထင်အရှား ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးဟာ ၂၀၂၁ ခုနှစ်ကို COVID-19 နဲ့အတူ ကူးပြောင်းရောက်ရှိ နေထိုင်သွားကြရမှာ သေချာပါတယ်။ ကာကွယ်ဆေးတွေပေါ်လာပြီဖြစ်ပေမဲ့ mask တပ်ခြင်း၊ လက်ဆေးခြင်းနဲ့ လူစုလူဝေး တတ်နိုင်သမျှရှောင်ခြင်းကဲ့သို့ ကျန်းမာရေးစည်းမျဥ်းတွေကို အလေးအနက် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုဟာ ကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားမှာ မဟုတ်သေးဘဲ နှစ်နဲ့ချီကြာ ဆက်ရှိနေအုံးမယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။ Duwn စာဖတ်ပရိသတ်အားလုံးလည်း COVID-19 ကူးစက်ခံရမှုကင်းဝေးပြီး ကျန်းမာပါစေကြောင်းနဲ့ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ‌ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

(ဒီဇင်ဘာ ၂၈ ရက်အထိ သတင်းများအပေါ် အခြေခံ ရေးသားထားခြင်းဖြစ်ပြီး နောက်ပိုင်းမှာ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲ ရှိလာနိုင်ပါတယ်)

Ref. and Photos: AP, Reuters, Duwun, AFP, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က